ရန်ကုန်၊ စက်တင်ဘာ ၂
ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် ဗီဇာသက်တမ်း လေးနှစ်ကုန် မြန်မာ လုပ်သားများ နေရပ်သို့ သုံးနှစ် ပြန်ပြီးမှသာ ပြန်လည် အလုပ်လုပ်ကိုင်ခွင့်ပြုသည့် မူဝါဒကို အချိန်တစ်လအထိသာ လျှော့ချကာ အလုပ်လုပ်ကိုင် ခွင့်ပြုမည်ဟု ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် Mr Pravit Khiengpol က ပြောဆိုကြောင်း ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက်ဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။
စမွတ်ဆာခွန်ခရိုင် မဟာချိုင်ဒေသ တလထလေ ဈေးခန်းမတွင် စက်တင်ဘာလ ၁ ရက်နေ့က ကျင်းပသည့် “လေးနှစ် ဗီဇာသက်တမ်းပြည့် ရွှေ့ပြောင်း လုပ်သားများ၏ အနာဂတ်” ဟု အမည်ရ ဆွေးနွေးပွဲတွင် Mr Pravit Khiengpol က ယင်းသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ စက်တင်ဘာလ ၅ ရက်နေ့တွင် လုပ်ဆောင်မည့် နှစ်နိုင်ငံ အစိုးရဆွေးနွေးပွဲ အပြီးတွင် ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များကို ထုတ်ပြန်ကြေညာသွားမည် ဖြစ်ကြောင်း ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး ကွန်ရက်ထံမှ သိရှိရသည်။
ဗီဇာကုန်၍ နေရပ်ပြန်ပြီး ထိုင်းနိုင်ငံသို့ ပြန်ဝင်လာသည့် မြန်မာရွှေ့ပြောင်း လုပ်သားများ အလုပ်ရှင်၊ အလုပ်သမား သဘောတူထားသော လုပ်အားခ၊ အလုပ်ချိန်၊ လူမှုဖူလုံရေး ထောက်ပံ့ကြေးငွေများကို စာချုပ်စာတမ်းနှင့် သေချာစွာ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ်က ပြောဆိုခဲ့သည်ဟု ဦးအောင်ကျော်က ဆိုသည်။
ထိုင်းနိုင်ငံ၏ မူဝါဒအရ ဗီဇာသက်တမ်း ကုန်ဆုံးသူများသည် မိခင်နိုင်ငံသို့ သုံးနှစ်ပြန်ပြီးမှသာ ထိုင်းနိုင်ငံတွင် ပြန်လည် လုပ်ကိုင်ခွင့်ရှိရာ ဗီဇာသက်တမ်း ကုန်ဆုံးသည့် မြန်မာလုပ်သားများ အခက်အခဲ ကြုံတွေ့နေရကြောင်း၊ ဗီဇာသက်တမ်း တိုးပေးမည်ဟုဆိုကာ ပွဲစားများက ဘတ် ၁၅,၀၀၀ (အမေရိကန်ဒေါ်လာ ၅၀၀) တောင်းယူမှုများ အပါအဝင် အခက်အခဲများစွာ ပေါ်ပေါက်နေသဖြင့် ဗီဇာကိစ္စနှင့် ပတ်သက်၍ တိကျသော မူဝါဒများကို ထုတ်ပြန်ပေးရန် ထိုင်းနိုင်ငံအခြေစိုက် လူမှုကွန်ရက် လေးခုက သြဂုတ်လ ၂၁ရက်နေ့က နှစ်နိုင်ငံအစိုးရကို တောင်းဆိုခဲ့ကြသည်။
တရားမဝင် မြန်မာလုပ်သားများကို အထောက်အထား ထုတ်ပေးရန် ထိုင်းနှင့် မြန်မာ နှစ်နိုင်ငံအစိုးရ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုးကာ ၂၀၀၉ ခုနှစ်မှစတင်ကာ လုပ်ဆောင်ခဲ့ပြီး ယင်းအချိန်က အထောက်အထား ရရှိသူများမှာ ဗီဇာသက်တမ်း ကုန်ဆုံးနေခြင်း ဖြစ်သည်။
ဗီဇာသက်တမ်း ကုန်ဆုံးသည့် မြန်မာလုပ်သားများ ထိုင်းနိုင်ငံတွင် တရားဝင် အလုပ် ဆက်လက်လုပ်ကိုင်ခွင့် ရရှိရန် နိုင်ငံသားစိစစ်ရေး လုပ်ငန်းများအပြင် တရားမဝင် လုပ်သားများ အထောက်အထား ထုတ်ပေးရေး လုပ်ငန်းများကိုလည်း အရှိန်မြှင့် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက သြဂုတ်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
The Voice Weekly