လက်ပံတောင်းဒေသတွင်းက မထုတ်ယူကြတဲ့ မြေယာလျော်ကြေးတွေကို ဒေသဖွံဖြိုးရေး လုပ်ငန်းတွေမှာ အသုံးပြုသွားမယ်လို့ သက်ဆိုင်ရာတာဝန်ရှိသူတွေက ကြေညာလိုက်တဲ့အကြောင်း လက်ပံတောင်းတောင် အရေး တက်ကြွလှုပ်ရှားသူတွေ ကပြောပါတယ်။
ကြေညာချက်ထဲမှာ မြေယာလျော်ကြေးတွေကို စက်တင်ဘာလ ၃၀ ရက်အတွင်း နောက်ဆုံး ထုတ်ယူဖို့နဲ့ မထုတ်ယူဘူးဆိုရင် လျော်ကြေးတွေကို ဒေသ ဖွံဖြိုးရေး လုပ်ငန်းတွေမှာ အသုံးပြုသွားမှာဖြစ်တယ်လို့ဆိုပါတယ်။
ကြေညာချက်ကြောင့် ပဋိပက္ခတွေဖြစ်လာနိုင်တယ်လို့ လက်ပံတောင်းတောင် အရေး တက်ကြွလှုပ်ရှားသူ ကိုဟန်ဝင်းအောင်က ယခုလို ပြောပြပါတယ်။
“အဓိက ဒေသခံပြည်သူလူထုက မကျေလည်ဘူးဗျာ။ သူပေးတဲ့ ငွေကြေး ပမာဏနဲ့ မကျေလည်ဘူး။ မကျေလည်တဲ့အတွက် ကိုယ့်မြေကိုယ်ဆုပ်ကိုင်ထားတာဖြစ်တယ်။ အဲဒါကို ကျေလည်အောင် ညှိနှိုင်းဆွေးနွေးမှုမရှိဘဲနဲ့ မြေကို တစ်နည်းနည်းနဲ့ ဈေးပေါပေါနဲ့ပေါ့ဗျာ။ ဒေသခံပြည်သူလူထု စိတ်ကျေနပ်မှု မရှိဘဲနဲ့ ဈေးပေါပေါနဲ့ အလိုမတူဘဲ ရအောင် သိမ်းပိုက်နည်းကို တစ်ဆင့်ခြင်း တစ်ဆင့်ခြင်း ကြိုးစားလာတယ်လို့ဘဲ ကျွန်တော်တို့က သတ်မှတ်တယ်။”
သိမ်းဆည်းခံထားရတဲ့ လယ်မြေ ဧက ၇၆၆၇.၇၄ ကျော် ထဲက ၅၆ ရာခိုင်နှုန်းလောက်ဟာ မြေယာ လျော်ကြေးမထုတ်ယူထားတဲ့အတွက် စီမံကိန်း ပြန်လည်စတင်လာတာနဲ့ ဒေသခံတွေအနေနဲ့ ကိုယ့်မြေကိုယ် စိုက်ပျိုးထွန်ယက်မှုတွေ ပြုလုပ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အစီရင်ခံစာထဲမှာ ပါဝင်တဲ့ သာသနိက အဆောက်အဦးတွေကို ပြောင်းရွေ့ပေးဖို့ကိစ္စကိုလည်း ယခုအချိန်ထိ လုပ်ဆောင်မှု မရှိသေးဘဲ အကြမ်းဖက်ဖြိုခွင့်ဖို့အတွက် လုံထိမ်းအင်အား တိုးမြှင့်တာတွေ၊ လက်ပံတောင်းအရေး လှုပ်ရှားနေတဲ့ ဖမ်းဝရမ်းထုတ်ခံရသူတွေကို ဖမ်းဆီးဖို့အတွက်တော့ ပြင်ဆင်မှုတွေတော့ ပြုလုပ်နေတယ်လို့ လက်ပံတောင်းအရေး လှုပ်ရှားသူတွေကပြောတဲ့အကြောင်း ရေဒီယိုသြစတြေးလျသတင်းထောက် စူးရှကနေ သတင်းပေးပို့ ထားတာဖြစ်ပါတယ်။
ABC Radio Australia