Home » » ချောက်ထဲပြုတ်ကျသည့် အမျိုးသမီးကို ကယ်တင်နိုင်ခဲ့

ချောက်ထဲပြုတ်ကျသည့် အမျိုးသမီးကို ကယ်တင်နိုင်ခဲ့

Written By Unknown on Wednesday, September 25, 2013 | 4:18 PM

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါနမ့်ဆမ် လမ်း မိုင်တိုင်အမှတ် ၃၉၊ နမ့်ဆမ်မြို့နှင့် ကိုးမိုင်အကွာ
တွင် ဘီးပေါက်ရာမှ ချောက်ထဲပြုတ်ကျသော ကိုယ်ဝန်ရှစ် လရှိ အမျိုးသမီးတစ်ဦးကို ကယ်တင်
နိုင်ခဲ့ကြောင်း သိရသည်။ စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်က စခန်းသာရွာမှ
မအေးမိုး ၃၀ နှစ် လိုက်ပါလာသော ထော်လာဂျီသည် ဘီးပေါက်ကာ ချောက်အတွင်းသို့ ကျသွား
သော်လည်း အောက်အထိမရောက်ဘဲ လမ်းအောက် ဘက် ပေ ၂၀၀ အကွာရှိ သစ်ပင်တစ်ပင်
တွင် တွယ်ငြိကျန်ခဲ့သည်။

ပြုတ်ကျအပြီး ၁၅ မိနစ်အကြာတွင် နမ့်ဆမ်မြို့နယ် ဇယမ်းကြီးကျေးရွာ ဇယမ်းကြီး ကျောင်းတိုက်
တွင်ကျင်းပ နေသည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း ရေးနေ့အခမ်းအနားမှ ပြန်လာသော မန္တလေး
မြို့အခြေစိုက် စိမ်းရောင်စို Activities အဖွဲ့က တွေ့ရှိပြီး ကယ်တင် ခဲ့ခြင်းဖြစ်သည်။

"ကုန်တင်ကားကြီးနှစ်စင်းက ရပ်ပြီး ချောက်ထဲကိုကြည့်နေလို့ ကျွန်တော်တို့လည်း ကားရပ်ပြီး
ဆင်းမေးလိုက်တော့ ချောက်ထဲကို ကားတစ်စင်းနဲ့ အမျိုးသမီးတစ်ဦး ကျသွားတယ်လို့ ပြောတယ်။
ဒါနဲ့ကျွန်တော်တို့လည်း လှမ်းကြည့်တော့ ချောက်အောက်မှာ ထော်လာဂျီသေးသေးလေးကို လှမ်း
မြင်နေရတယ်။ ကုန်ကားတွေကလည်း ကုန်တွေပါတော့ ဆက်မောင်းသွား တယ်"ဟု စိမ်းရောင်စို
Activities အဖွဲ့ အတွင်းရေးမှူး ဦးမောင်မောင်ဦးက ပြောသည်။

အဆိုပါအမျိုးသမီးကို မကြာခင်ရောက်ရှိလာသော ဒေသခံတစ်ဦး၏ အကူအညီဖြင့် ချောက်
အတွင်းဆင်း၍ ကြည့်ရာ အမျိုးသမီးမှာ ပေ ၂၀၀ ခန့် အကွာရှိသစ်ပင်တွင် ငြိနေပြီး အသက်
ရှိနေသေးကြောင်း၊ ပုဆိုးကို ပုခက်ဆင် ကာ ပါလာသည့်ကြိုးများဖြင့် ဆွဲတင်ခဲ့ ကြောင်း၊
တက်ရလွယ်ကူစေရန် တူရွင်း ပြားဖြင့် လှေကားထစ်များဖော်ပြီး ပြန်လည်ဆွဲတင်နိုင်ခဲ့ကြောင်း
၎င်းက ပြောသည်။

နံနက် ၁၀ နာရီအချိန်ခန့်တွင် အမျိုး သမီးမှာ လမ်းပေါ်သို့ပြန်လည်ရောက် ရှိပြီး သတိမလစ်ဘဲ
ခါးနာနေသဖြင့် ၁၀ နာရီခွဲအချိန်တွင် နမ့်ဆမ်မြို့ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

"ဒီလမ်းက အသွားအလာနည်းပါး တယ်။ ကားကျပြီး မရှေးမနှောင်း ကျွန်တော်တို့ရောက်သွားလို့
အခုလို ကယ်တင်နိုင်ခဲ့တာပါ။ မန္တလေးပြန်ရောက်ပြီး နောက်ရက်မှာ ဖုန်းဆက်မေးကြည့်တော့
ကိုယ်ဝန်ပျက်မကျဘူး ဆိုတာ သိခဲ့ရတယ်။ ကျွန်တော်တို့ အနေနဲ့ လူ့အသက်နှစ်ချောင်းကို
ကယ်တင်နိုင်ခဲ့တယ်လို့ဆိုရမှာပေါ့" ဟုဦးမောင်မောင်ဦးက ပြောသည်။

  သန်းနိုင်စိုး   | မြန်မာတိုင်း(မ်)