Home » » မော်လမြိုင်ကျွန်းမြို့နယ် တွဲဖက်တရားသူကြီးက လယ်သမားများကို ခုခံချေပခွင့်မပေးဘဲ အလုပ်ကြမ်းနှင့်ထောင်ဒဏ်များချမှတ်နေ

မော်လမြိုင်ကျွန်းမြို့နယ် တွဲဖက်တရားသူကြီးက လယ်သမားများကို ခုခံချေပခွင့်မပေးဘဲ အလုပ်ကြမ်းနှင့်ထောင်ဒဏ်များချမှတ်နေ

Written By Unknown on Friday, September 13, 2013 | 11:30 AM

စက်တင်ဘာလ ၁၃ ရက် (မော်လမြိုင်ကျွန်း)

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာခရိုင် မော်လမြိုင်ကျွန်းမြို့နယ်က လယ်သမား အများအပြားဟာ ပြီးခဲ့တဲ့ ဇွန်လနဲ့ဇူလိုင်လတွေက ထွန်တုံးတိုက်ပွဲတွေလုပ်ခဲ့ကြလို့ ပုဒ်မ ၄၄၇ (ပိုင်နက်ကျူးလွန်မှု)၊ ပုဒ်မ ၄၂၇ (အကျိုးဖျက်ဆီးမှု)တွေနဲ့ တရားစွဲခံနေရပါတယ်။

လယ်သမားအရေးကူညီပေးသူတွေအဆိုအရတော့ မော်ကျွန်းတမြို့ထဲမှာတင် တရားစွဲခံ လယ်သမား ၃၀၀ ကျော်ရှိပြီး အမှုပေါင်း ၁၅၈ မှုရှိတယ်လို့ သိရပါတယ်။

လယ်အမှုတွေကို မော်ကျွန်းမြို့နယ် တွဲဖက်တရားသူကြီး ဒေါ်ခင်နီနီအေးက ကိုင်တွယ်ကြားနာ စစ်ဆေးရာမှာ တရားလိုဘက်ကိုပဲ ရုံးတော်မှာ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ပြီး တရားခံလယ်သမားကို စစ်ဆေးမေးမြန်းခြင်းမရှိဘဲ အလုပ်ကြမ်းနဲ့ထောင်ဒဏ် အမိန့်တွေ ချမှတ်နေတယ်လို့ မော်ကျွန်းဒေသခံတွေက Myanmar News Now ကို ပြောပါတယ်။

“တရားခွင်မှာ တရားလိုကိုပဲမေးမြန်းတာတွေလုပ်ပါတယ်။ တရားခံလယ်သမားဘက်ကို လုံးဝမေးမြန်းခြင်း မရှိဘဲ လယ်သမားက မြေခွန်ပြေစာအထောက်အထား၊ စာရွက်စာတမ်း အထောက်အထားတွေတင်ပြတော့လည်း တရားသူကြီးမက လက်မခံဘူး။ လယ်ဆင်းထွန်တာ လုပ်သလား၊ မလုပ်ဘူးလားပဲမေးပြီး အလုပ်ကြမ်းနဲ့ထောင်ဒဏ် အမိန့်တွေချနေတာ ဖြစ်ပါတယ်”လို့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၄ လ ကျသွားတဲ့ ကပ်ခိုကျေးရွာအုပ်စုက လယ်သမား ဦးတင်မောင်ဝင်းရဲ့ဆွေမျိုးတဦးက ပြောပါတယ်။

တရားသူကြီး ဒေါ်ခင်နီနီအေးဟာ စက်တင်ဘာလ ၄ ရက်၊ ၅ ရက်၊ ၆ ရက်နဲ့ ၉ ရက်နေ့တွေမှာ ဆက်တိုက်ဆိုသလို တရားခံလယ်သမားတွေကို အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၂ လ၊ ၄ လ စသဖြင့်ချမှတ်နေရာမှာ အခုဆိုရင် လယ်သမား ၂၀ ကို ထောင်ဒဏ်ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။

“ဒီတပတ် သောကြာနေ့မှာ လယ်သမားတဦးကို အမိန့်ချဖို့ရှိပါတယ်။ ဒါပေမယ့် အဲဒီလယ်သမားအဖိုးကြီးက အသက် ၆၀ ကျော်နေပြီး နေမကောင်းလို့ အခု ဆေးရုံတက်နေရတယ်။ အဲဒါကြောင့် ရုံးချိန်းကို ခွင့်တင်ပါရစေ။ ဆေးရုံကလည်း ဆေးစာတွေနဲ့ ထောက်ခံပေးမယ်ဆိုတာတောင် တရားသူကြီး ဒေါ်ခင်နီနီအေးက လက်မခံပါဘူး။ နေမကောင်းလည်း တရားခွင်ကို စောင်ပုခက်နဲ့ထမ်းခေါ်လာခဲ့။ အမိန့်ချစရာရှိတာ ချရမှာပဲလို့ ပြောတယ်”လို့ လယ်သမားအရေးကူညီပေးနေတဲ့ မော်ကျွန်းမြို့ခံတဦးက ပြောပါတယ်။

ထောင်ကျတဲ့လယ်သမားတွေကို မော်ကျွန်းမြို့နဲ့အနီးဆုံးဖြစ်တဲ့ မအူပင်ထောင်မှာမထားဘဲ မြောင်းမြထောင်ကိုပို့ဆောင်ပြီး အကျဉ်းချထားတယ်လို့ သိရပါတယ်။

“တကယ်တော့လယ်သမားတွေက သူတို့လယ်တွေကို မတရားအသိမ်းခံခဲ့ရတဲ့အတွက် ပြန်လိုချင်ကြတယ်။ အဲဒါကိုဖြေရှင်းပေးဖို့တိုင်ကြားပေမယ့် ဘယ်အာဏာပိုင်အဖွဲ့အစည်းမှ ရှင်းမပေးဘူး။ ရှင်းမပေးတဲ့အတွက် မိုးကျတဲ့အခါ လယ်သမားက မစောင့်ဘဲ ထွန်တုံးတိုက်ပွဲလုပ်ပြီး ၀င်ထွန်တော့တယ်။ အဲလိုထွန်တုံးတိုက်ပွဲလုပ်ချိန်မှာလည်း အစိုးရပိုင်းအနေနဲ့ လယ်သမားတွေကို ဥပဒေကြောင်းအရ ရှင်းပြတာလည်း မရှိသလို လယ်ယာမြေကိစ္စကိုလည်း ဘယ်လိုဖြေရှင်းပေးပါမယ်ဆိုပြီး တာဝန်ခံပြောဆိုမှုမရှိဘူး။ အဲဒါကို အခုကျတော့ တရားစွဲထောင်ချတဲ့ကိစ္စဟာ တရားမျှတမှု မရှိပါဘူး”လို့ လယ်သမားအရေး ကူညီပေးနေတဲ့ အမျိုးသားဒီမိုကရေစီကွန်ရက်က ကိုကြည်လွင်က ပြောပါတယ်။

ဧရာဝတီတိုင်းတခုလုံးမှာ ထွန်တုံးတိုက်ပွဲကြောင့် တရားစွဲခံနေရတဲ့လယ်သမား ၅၁၃ ဦး ရှိတယ်လို့ လယ်သမားအရေးကူညီပေးနေသူများက ဆိုပါတယ်။

by Myanmar News Now