Home » » စစ်တပ်ရဲ့ မြေယာတွေ ပိုမိုသိမ်းဆည်းထားမှု ဥပဒေနဲ့ မညီဘူးလို့ ဦးအောင်သိန်းလင်း ပြော

စစ်တပ်ရဲ့ မြေယာတွေ ပိုမိုသိမ်းဆည်းထားမှု ဥပဒေနဲ့ မညီဘူးလို့ ဦးအောင်သိန်းလင်း ပြော

Written By Unknown on Thursday, September 19, 2013 | 8:40 AM

မြေသိမ်း၊ ယာသိမ်းကိစ္စတွေဟာ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးအတွက် အတားအဆီးဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းမှု စစ်ဆေးရေးအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ရန်ကုန်မြို့တော်ဝန်ဟောင်း ဦးအောင်သိန်းလင်းက ဒီနေ့ ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်မှာရှိတဲ့ YMCA ခန်းမမှာ ဗိုလ်တထောင်မြို့နယ်အတွင်းက မြေသိမ်းခံရသူတွေနဲ့ ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းမှု စစ်ဆေးရေးအဖွဲ့ဝင်တွေ တွေ့ဆုံပွဲအပြီး မြေယာသိမ်းဆည်းတာတွေနဲ့ ပတ်သက်လို့ RFAရဲ့ မေးမြန်းချက်ကို ဦးအောင်သိန်းလင်းက အခုလိုဖြေကြားခဲ့တာပါ။

"ဒီဟာတွေကတော့ ကျနော်တို့ရဲ့ အသွင်ကူးပြောင်းရေးကာလမှာ အလွန်ကိုကြီးမားတဲ့ အတားအဆီးပါပဲ၊ နိုင်ငံနဲ့အဝှမ်းဖြစ်နေတာ၊ ဒါတွေကို နောင်ကာလမှာ ဒါမျိုးပြဿနာမကြုံအောင် ဘယ်လိုဆောင်ရွက်မယ်ဆိုတာ သေချာအရေးကြီးတယ်၊ အခုဖြစ်ပေါ်တဲ့ ပြဿနာကတော့ ကျနော်တို့တွေကြိုးစားပြီးတော့မှ စိတ်စေတနာ ကောင်းကောင်း၊ ကိုယ်ချင်းစာနာစိတ်နဲ့ ဖြေရှင်းကြရလိမ့်မယ်"

ဒါ့အပြင် စစ်တပ်အနေနဲ့ တပ်ရဲ့လိုအပ်တဲ့မြေထက် ပိုမိုသိမ်းယူတာတွေဟာ မြေယာသိမ်းဥပဒေနဲ့ မညီညွှတ်ဘူးလို့ ဦးအောင်သိန်းလင်းက ပြောပါတယ်။

“ကျနော့်အတွေ့အကြုံအရ တပ်တွေတည်ဆောက်ဖို့ မြေသိမ်းတာနဲ့ ပတ်သက်လို့ ပြည်သူလူထု သိပ်ပြီးတော့ မပြောလိုဘူး၊ ဒါပေမယ့် တပ်တွေတည်ဆောက်ဖို့ အကြောင်းပြုပြီးတော့မှ အကျယ်ကြီး သိမ်းထားတာကျတော့လည်း မဖြစ်သင့်ဘူး၊ ဒါကြောင့်မို့ ကျနော်တို့က ပြည်ထောင်စု လွှတ်တော်မှာလည်း အဆိုပြုထားတယ်၊ တပ်တွေသိမ်းဖို့ လိုအပ်တဲ့ပမာဏကို တပ်မတော်က သတ်မှတ်ပြီးတော့မှ အဲဒီပမာဏအတိုင်းသိမ်းဖို့လိုတယ်၊ ဒီတပ်တည်ဆောက်တဲ့အခါမှာ ဒီလောက်သိမ်းတယ်၊ ဟိုတပ်တည်ဆောက်တဲ့အခါမှာ ဟိုလောက်သိမ်းတယ်ဆိုပြီးတော့ လိုအပ်တာထက် ပိုသိမ်းတာတွေကျတော့ မြေသိမ်းဥပဒေနဲ့လည်း မညီညွှတ်ဘူး၊ မြေသိမ်းဥပဒေဆိုတာ လိုသလောက်ပဲ သိမ်းရမယ်ဆိုတာ ပြဌာန်းထားတယ်”

ဒီနေ့တွေ့ဆုံပွဲမှာ ကုမ္ပဏီတွေက သိမ်းယူထားတဲ့ ဗိုလ်တထောင်မြို့နယ် BOT, COT ဝင်းအတွင်းမှာရှိတဲ့ အိမ်ထောင်စု ၇၀ ကျော်ရဲ့ မြေသိမ်းခံရမှု အခြေအနေတွေကို အမှန်အတိုင်းဖြစ်အောင် မြေယာနဲ့ အခြားမြေများ သိမ်းဆည်းမှု စစ်ဆေးရေးအဖွဲ့က တာဝန်ယူစစ်ဆေးပေးသွားမယ်လို့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးခိုင်မောင်ရည်က ပြောပါတယ်။

ဗိုလ်တထောင်မြို့နယ် BOT, COT၀င်းအတွင်းက မြေသိမ်းခံရသူတွေဟာ သူတို့မြေတွေပြန်ရဖို့ ၅ ကြိမ်တိုင် ဆန္ဒပြတောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။

RFA Burmese