Home » » ကုသခွင့်လိုင်စင်မရှိသော နိုင်ငံခြားသား ဆရာဝန်များကို အရေးယူမည်

ကုသခွင့်လိုင်စင်မရှိသော နိုင်ငံခြားသား ဆရာဝန်များကို အရေးယူမည်

Written By Unknown on Sunday, September 15, 2013 | 11:58 AM

ရန်ကုန်၊ စက်တင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီးအတွင်း ပုဂ္ဂလိက ဆေးခန်းများတွင် ဆေးကုသခွင့် လိုင်စင် မှတ်ပုံတင်ခြင်း မရှိသော နိုင်ငံခြားသား ဆရာဝန်များကို အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း စက်တင်ဘာ ၁၃ ရက်နေ့က ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး ဆဋ္ဌမ ပုံမှန်အစည်းအဝေးတွင် ရန်ကုန်တိုင်း ဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောကြားသည်။

ပုဂ္ဂလိက ဆေးခန်းများတွင် မှတ်ပုံတင်ထားခြင်း မရှိသော ဆေးပစ္စည်းများ၊ ဆေးကုသမှု နည်းစနစ် ဆေးကုသမှုဆိုင်ရာ စက်ကိရိယာများ ရှိနေပြီး မှတ်ပုံတင်ထားခြင်း မရှိသော မြန်မာဆရာဝန်များ သာမက တရုတ်ဆေးဆရာများကိုပါ တွေ့ရှိရကြောင်း ၎င်းကရှင်းပြသည်။

လမ်းမတော်၊ လသာနှင့် ဗိုလ်တထောင်မြို့နယ်တို့တွင် ရောဂါမျိုးစုံ အာမခံ ကုသပေးနေသော ဆေးခန်းများနှင့် အခြားမြို့နယ်များရှိ ဆေးခန်းများကို အခါအားလျော်စွာ စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ပေးရန် အစီစဉ်ရှိ၊ မရှိ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလွင်၏ မေးမြန်းချက်ကို လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ပုဂ္ဂလိက ဆေးခန်းများသည် မြန်မာနိုင်ငံ ဆေးကောင်စီ၏ ခွင့်ပြုချက် မရှိသော ဆေးကုသနည်းများကို ဂျာနယ်များ၊ သတင်းစာများ တွင် ကြော်ငြာထည့်သွင်း နေခြင်းများကို အရေးယူ ဆောင်ရွက်ရန် လိုအပ်နေကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလွင်က ပြောကြားသည်။

အချို့ဆေးခန်းများသည် မိမိတို့ ကိုယ်ကျိုးစီးပွားကိုကြည့်ပြီး တစ်ကြိမ်ကုသရုံဖြင့် ခွဲစိတ်စရာမလိုဘဲ ပျောက်ကင်းနိုင်ကြောင်း ကြော်ငြာမှု များသည် အများပြည်သူ ကျန်းမာရေးနှင့် လူမှုရေးကို ထိခိုက် နိုင်သောကြောင့် ဥပဒေအရ အရေးယူ ဆောင်ရွက်ရန် ခရိုင်၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနများကို၂၀၁၃ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ညွှန်ကြားစာ ထုတ်ပြန်ခဲ့ကြောင်း တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်းက ပြောကြားသည်။

(ဟိန်းသွင်ထက်)

The Voice Weekly