Home » » နယ်မြေမအေးချမ်း၍ ရပ်နားထားသော ကျောက်စိမ်း လုပ်ကွက်များ ပြန်ခွင့်ပြုဖွယ်ရှိ

နယ်မြေမအေးချမ်း၍ ရပ်နားထားသော ကျောက်စိမ်း လုပ်ကွက်များ ပြန်ခွင့်ပြုဖွယ်ရှိ

Written By Unknown on Sunday, September 1, 2013 | 7:01 PM

ရန်ကုန်-တိုက်ပွဲများကြောင့် ကာလရှည်ရပ်နားထားရသည့် ကချင်ပြည်နယ်အတွင်းရှိ ကျောက်စိမ်းလုပ်ကွက်အများစုကို အစိုးရနှင့် ကေအိုင်အိုအလုပ်အဖွဲ့များ ဆွေးနွေးပွဲအပြီးတွင် ပြန်လည်လုပ်ကိုင်ခွင့် ပြုသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

၂၀၁၃ မတ်လ ၃၁ ရက်က မြစ်ကြီးနားမြို့တွင် ဆွေးနွေးခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီး စက်တင်ဘာလအတွင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် နှစ်ဖက်အလုပ်အဖွဲ့များ ဆွေးနွေးပွဲပြုလုပ်မည်ဟု ပြောဆိုထားသောကြောင့် ယင်းဆွေးနွေးပွဲပြီးဆုံးပါက ပြန်လည်လုပ်ကိုင်ခွင့် ရရှိတော့မည်ဖြစ်သည်။ အစိုးရနှင့် ကချင်လွတ်မြောက်ရေးတပ်မတော်တို့ကြား တိုက်ပွဲများကြောင့် ယင်းဒေသရှိ ကျောက်စိမ်းကျောက်မျက်လုပ်ကွက်များ တူးဖော်လုပ်ကိုင်ခွင့်ကို ရပ်နားထားခဲ့ခြင်းဖြစ်သည်။

“လုပ်ကွက်တွေအနီးမှာဖြစ်နေတဲ့ တိုက်ပွဲတွေကတဖြည်း ဖြည်းလျော့နည်းလာတယ်။ ဒါကြောင့် ဆွေးနွေးပွဲပြီးတာနဲ့ ပြန်ခွင့်ပြုဖို့ စဉ်းစားရတာ” ဟု သတ္တု တွင်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးက ပြောသည်။

“ဒီနှစ်ရဲ့ ပွင့်လင်းကာလမှာ လုပ်ကိုင်ခွင့်ရရှိတော့မယ်လို့ မျှော်လင့်ထားတယ်။ အရင်ကလက်ထဲမှာ လှောင်ထားတဲ့သူတွေလည်း ကုန်ကြမ်းကကုန်သလောက်ရှိနေပြီ” ဟု မြစ်ကြီးနား ကျောက်မျက်ရတနာလုပ်ငန်းရှင် အသင်းဒုဥက္ကဋ္ဌကပြောသည်။

ကချင်ပြည်နယ်၏ ကျောက် စိမ်းအဓိကထွက်ရှိရာ ဖားကန့်ဒေသတွင် တိုက်ပွဲများကြောင့် လုပ်ကွက်အချို့ရပ်နားထားရခြင်းအပြင် မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် တောင်ပြိုခြင်း၊ လမ်းပျက်ခြင်းများရှိသော ကြောင့် သွားလာရအလွန်ခက်ခဲပြီး တူးဖော်ရေးလုပ်ငန်းများလုပ်ကိုင်ရန် ချက်ချင်းအဆင်မပြေနိုင်သေးကြောင်း အထက်ပါဒုဥက္ကဋ္ဌက ပြောသည်။

“လုပ်ကွက်တွေ ပြန်လုပ်မယ်ဆိုရင် လူနဲ့ စက်ယန္တရားတွေ ပြန်စုရတော့မယ်” ဟု ဖားကန့် မြို့မှ ကျောက်စိမ်းကျောက်မျက် တူးဖော်ရေးလုပ်ငန်းရှင် ဦးစိုးနိုင်ကပြောသည်။ တိုက်ပွဲကာလအတွင်း ရပ်နားထားရသော ကျောက်စိမ်း ကျောက်မျက်လုပ်ကွက်အများစုကို ရပ်နားထားရသည့် ကာလကိုတွက်ချက်ပြီး လုပ်ငန်းရှင်များအား ပြန်လည်လုပ်ကိုင်ခွင့်ပေးမည်ဖြစ်ကြောင်း သတ္တုတွင်းဝန်ကြီးဌာနက ၂၀၁၂ ဒီဇင်ဘာလက ထုတ်ပြန်ခဲ့သည်။

မိုးကာလနှင့်အတူ သတ္တုလုပ်ကွက်အများစု နယ်မြေတည်ငြိမ်အေးချမ်းမှုမရှိခြင်းများက ပြည်တွင်းကျောက်စိမ်း ကျောက်မျက်ကုန်ကြမ်းဝင်ရောက်မှာလည်း လစဉ်လျော့နည်းလာခြင်းကြောင့် အကြမ်းထည်နှင့်အချောထည်ဈေးနှုန်းပါတစ်ပြိုင်နက်တည်း မြင့်တက်လာကြောင်း ရန်ကုန်မြို့ ဗိုလ်ချုပ်ဈေးရှိ လပ်ကီးစတား လက်ဝတ်ရတနာဆိုင်မှမဇာခြည်လင်းကပြောသည်။

7Day News Journal