Home » » အခြေခံ လူတန်းစားများ ဒီမိုကရေစီ ဆုံးရှုံးနေမှု လွှတ်တော်ကိုယ်စားလှယ် များတွင် တာဝန်ရှိဟုဆို

အခြေခံ လူတန်းစားများ ဒီမိုကရေစီ ဆုံးရှုံးနေမှု လွှတ်တော်ကိုယ်စားလှယ် များတွင် တာဝန်ရှိဟုဆို

Written By Unknown on Monday, September 16, 2013 | 12:26 PM

ရန်ကုန်၊ စက်တင်ဘာ ၁၅

အခြေခံ လူတန်းစားများတွင် ဒီမိုကရေစီ အခွင့်အရေး ဆုံးရှုံးနေမှု လွှတ်တော် ကိုယ်စားလှယ်များတွင် တာဝန်ရှိသဖြင့် အောက်ခြေလူထုအထိ ဒီမိုကရေစီ အခွင့်အရေး ရရှိစေရန် လွှတ်တော်ကိုယ်စားလှယ်များ ပိုမိုအလုပ်လုပ်သင့်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က တိုက်တွန်း ပြောကြားသည်။

စက်တင်ဘာလ ၁၅ ရက်နေ့တွင် အလုံမြို့နယ် ခန်းမ၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနားတွင် ၎င်းက ယင်းသို့တိုက်တွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံသည် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းနေသော်လည်း လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများ ရှိနေခြင်းသည် လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူကို ကိုယ်စားပြုမှု အနည်းငယ်သာ ရှိသည်ကို ထင်ရှားနေစေကြောင်း ၎င်းကဆိုသည်။

“နိုင်ငံရေး ပြောင်းလဲလာပေမယ့် ပြည်သူတွေ ဒီမိုကရေစီ အခွင့်အရေးခံစား နေရပြီလို့ ပြောလို့မရသေးဘူး” ဟု ၎င်းကဆိုသည်။

ပြည်သူလူထု ဒီမိုကရေစီစနစ်ကို နားလည် လက်ခံရန် လွှတ်တော် ကိုယ်စားလှယ်များတွင် တာဝန်ရှိကြောင်း၊ လွှတ်တော်အတွင်း ပြည်သူလူထု၏ အကျိုးစီးပွား ဂရုတစိုက် ဖော်ဆောင်နေသော လွှတ်တော် ကိုယ်စားလှယ် များစွာရှိရန် လိုအပ်နေကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီးက ပြောကြားသည်။

“ဒီမိုကရေစီ ရင့်ကျက်ဖို့ လွှတ်တော်တွင်းမှာ အတိုက်အခံ ကိုယ်စားလှယ်တွေ များများရှိဖို့ လိုအပ်တယ်” ဟု ၎င်းကဆိုသည်။

လွှတ်တော် ကိုယ်စားလှယ်များက ပြည်သူ့လူထု အကျိုးစီးပွားအတွက် မည်မျှ အလုပ်လုပ်သည်ကို စောင့်ကြည့်သည့် အဖွဲ့အစည်းများ ရှိသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် အသွင်ကူးပြောင်း အပြီးတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သော်လည်း ခွင့်ပြုချက်မယူဘဲ ဆန္ဒထုတ်ဖော်ခြင်းကြောင့် တက်ကြွလှုပ်ရှားသူ အချို့ကို ဖမ်းဆီးခြင်းနှင့် ဘာသာရေး အသွင်ဆောင် ပဋိပက္ခများနှင့် ပြည်တွင်းစစ်ပွဲ အချို့ကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံရသည့် အောက်ခြေ လူတန်းစားများ လူ့အခွင့်အရေး ချိုးဖောက် ခံနေရကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ အချို့က ပြောဆိုနေသည်။

(ဟိန်းသွင်ထက်)

The Voice Weekly