Home » » နိုင်ငံခြားအရန်ငွေ ဒေါ်လာ ခုနစ်ဘီလီယံကျော် ထားရှိဟု ပထမဆုံးအကြိမ် ထုတ်ပြော

နိုင်ငံခြားအရန်ငွေ ဒေါ်လာ ခုနစ်ဘီလီယံကျော် ထားရှိဟု ပထမဆုံးအကြိမ် ထုတ်ပြော

Written By Unknown on Saturday, September 21, 2013 | 5:52 PM

ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် ငွေပေးချေရန်အတွက် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဘဏ်များ၌ နိုင်ငံခြားအရန်ငွေ ဒေါ်လာ ၇ဒသမ ၆ ဘီလီယံထားရှိကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ပြောကြားသည်။

စက်တင်ဘာလ ၂၀ရက်က နေပြည်တော်စက်မှုဝန်ကြီးဌာနရုံးတွင်ပြုလုပ်သော ပြည်ထောင်စုဝန်ကြီးများနှင့် မီဒီယာများတွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၏ နိုင်ငံခြားအရန်ငွေပမာဏအား ပထမဆုံးအကြိမ် ထုတ်ဖော်ပြောကြားခြင်းဖြစ်သည်။
““ကျွန်တော်တို့မှာ တရားဝင် အမေရိကန်ဒေါ်လာ ၇ ဒသမ ၆ ဘီလီယံပဲရှိပါတယ်။ ၁၁ ဘီလီယံရှိတယ်ဆိုပြီး ပြောနေတာက ကျွန်တော်တို့လည်းမသိပါဘူး။ ကျွန်တော်တို့ရဲ့ Foreign Exchange Reserve (နိုင်ငံခြားအရန်ငွေ)ပါ”” ဟု ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်ကပြောသည်။
အဆိုပါငွေပမာဏကို မြန်မာနိုင်ငံနှင့် ကုန်သွယ်ဖက်ပြုလုပ်သော နိုင်ငံများရှိ ဘဏ်များတွင် ထားရှိပြီး မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်(MICB) နှင့် ပုဂ္ဂလိကဘဏ်များမှ စုပေါင်းထားရှိခြင်းဖြစ်ကြောင်း ဦးကျော်ကျော်မောင်က ရှင်းပြသည်။

မည်သည့်နိုင်ငံမဆို ကုန်သွယ်မှုပြုလုပ်ရန် နိုင်ငံခြားအရန်ငွေများအား မိမိတို့နှင့် ကုန်သွယ်ဖက်ပြုလုပ်သောနိုင်ငံများရှိ ဘဏ်များတွင် အပ်နှံလေ့ရှိကြသည်။ လက်ရှိ ပြည်တွင်း၌ ပုဂ္ဂလိကဘဏ်များတွင် နိုင်ငံခြားငွေ ရောင်းဝယ်ခွင့်လိုင်စင် ရရှိထားပြီး ပြည်ပဘဏ်များနှင့် ဆက်သွယ်ဆောင်ရွက်နေသဖြင့် သက်ဆိုင်ရာ ပြည်ပဘဏ်များတွင်နိုင်ငံခြားငွေစာရင်းများ ဖွင့်လှစ်ထားရှိရကြောင်း ကမ္ဘောဇဘဏ် ဒုတိယဥက္ကဋ္ဌ-၂ ဦးသန်းလွင်ကပြောသည်။
““နိုင်ငံခြားဘဏ်တွေနဲ့ အဆက်အသွယ် များရင်များသလို ပြည်ပနိုင်ငံတွေမှာ အကောင့်ဖွင့်ထားရတဲ့ငွေပမာဏများမှာပဲ””ဟု ဦးသန်းလွင်ကပြောသည်။

ပြည်တွင်းဘဏ်များနှင့် ချိတ်ဆက်၍ ဆောင်ရွက်နေသည့် နိုင်ငံခြားဘဏ်များကလည်း မြန်မာနိုင်ငံ၌ အကောင့်များဖွင့်လှစ်၍ ငွေများအပ်နှံထားလေ့ရှိသည်။ မြန်မာနိုင်ငံသည် နိုင်ငံပေါင်းတစ်ရာကျော်နှင့် ဆက်သွယ်ဆောင်ရွက် ကုန်သွယ်လျက်ရှိသည်။

7 day daily