Home » » ပြည်ပရင်းနှီးမြှုပ်နှံမှု တစ်လအတွင်း ဒေါ်လာသန်း ၇၀၀ ကျော်တက်

ပြည်ပရင်းနှီးမြှုပ်နှံမှု တစ်လအတွင်း ဒေါ်လာသန်း ၇၀၀ ကျော်တက်

Written By Unknown on Saturday, September 7, 2013 | 1:08 PM

ရန်ကုန်၊ စက်တင်ဘာ ၆

နိုင်ငံတကာ စီးပွားရေး လုပ်ငန်းများ ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေသော မြန်မာနိုင်ငံတွင် သြဂုတ်လ တစ်လအတွင်း နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်အထိ ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သော စာရင်းများအရ သိရသည်။

၂၀၁၃-၁၄ ဘဏ္ဍာနှစ် ပထမလေးလပတ် ဧပြီလမှ ဇူလိုင်လအထိ ကာလအတွင်း မြန်မာနိုင်ငံသို့ ပြည်ပမှ လာရောက်ရင်းနှီး မြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၆၅၀ နီးပါးသာ ရှိသော်လည်း ပြီးခဲ့သော သြဂုတ်လအတွင်း ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၇၃၀ ကျော်အထိ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

“လုပ်သားများများလိုတဲ့ ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေမှာ ပြည်ပကရော ပြည်တွင်းကရော တရစပ်ဝင်လာတာ ကောင်းတဲ့လက္ခဏာပဲ။ အလုပ်အကိုင် ပေါများလာရင် တိုင်းပြည်တည်ငြိမ်လာ မယ်” ဟု စက်မှုလုပ်ငန်း ကုမ္ပဏီတစ်ခုမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးရန်အောင်က ဆိုသည်။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ၂၀၁၃ ခုနှစ် သြဂုတ်လအထိ ထုတ်ပြန်သော စာရင်းများအရ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၄၃၆၈၂ ဒသမ ၂၈၀ သန်းရှိပြီး ၂၀၁၃ ခုနှစ် သြဂုတ်လကုန်တွင် ၄၃ ဘီလီယံကျော်အထိ တိုးတက်လာခဲ့ကြောင်း၊ အများဆုံး ရင်းနှီးမြှုပ်နှံထားသော နိုင်ငံများ စာရင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံက အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံကျော်ဖြင့် ဦးဆောင်နေကြောင်း အဆိုပါဦးစီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။

ပြီးခဲ့သော သြဂုတ်လအထိ နိုင်ငံသား လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာလည်း ကျပ်ငွေ ၃၃၂၉ ဘီလီယံကျော် ရှိကြောင်း အဆိုပါဌာနထံမှ သိရသည်။

The Voice Weekly