တနင်္သာရီတိုင်း ကော့သောင်းမြို့ အကျဉ်းထောင် အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး သတင်းဖော်ပြချက်တွေ မှန်ကန်မှုမရှိတာတွေ၊ ထောင်အာဏာပိုင်တွေအပေါ် မကျေနပ်ချက်တွေကြောင့် မနေ့တုန်းက တနင်္သာရီ အကျဉ်းထောင်သားတွေ ဆန္ဒပြခဲ့ကြပါတယ်။
အကျဉ်းသားတွေက ထောင်မှုး ထောင်ပိုင်ကို အလိုမရှိကြောင်း ပြောဆိုပြီး အကျဉ်းသား အခွင့်အရေးတွေ အပြည့်အဝပေးဖို့၊ ညှင်းပမ်းနှိပ်စက်မှုတွေ မလုပ်ဖို့၊ မီဒီယာသမားတွေကို ထောင်ထဲဝင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ကြတယ်လို့ ကော့သောင်းမြို့ခံ တစ်ဦးက ပြောပါတယ်။
အကျဉ်းထောင်ထဲက အကျဉ်းသားတွေက ဆန္ဒထုတ်ဖော်ပွဲလုပ်ကြတယ်ဗျ၊ ထောင်မှူးတွေကို အလိုမရှိဘူး၊ ထောင်ပိုင်ကိုအလိုမရှိဘူးပေါ့နော် နောက်ပြီးတော့ အကျဉ်းသား အခွင့်အရေးကို အပြည့်ပေးဖို့ နောက်ပြိးတော့ ညှင်းပမ်းနှိပ်စက်မှုတွေမလုပ်ဖို့ပေါ့၊ မီဒီယာသွင်းပေးဖို့အထဲကိုလေ၊ ဟိုတနေ့ ကဖြစ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးရင် အာဏာပိုင်တွေကနေပြီးတော့ သတင်းထုတ်ပြန်တဲ့အခါမှာ အကျဉ်းသားတွေက ထောင်ဖောက်တယ်လို့ သတင်းထုတ်ပြန်တာကိုး၊ အကျဉ်းသားတွေက မကျေနပ်ဘူးဗျ၊ သတင်းအမှား ထုတ် တယ်ဆိုပြီးတော့ သူတို့ကိုမီဒီယာနဲ့ တွေ့ခွင့်ပေး၊ သူတို့မီဒီယာကိုပြောမယ်ဆိုတဲ့ဟာကို တောင်းဆိုကြတယ်။
စက်တင်ဘာလ ၁၃ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း အကျဉ်းသားတွေက ထောင်ဖောက်တယ်လို့ သတင်းတွေ ထုတ်ပြန်ကြတာကို မကျေနပ်တဲ့အတွက် သူတို့ကို မီဒီယာသမားနဲ့ တွေ့ခွင့်ပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
အကျဉ်းထောင်အတွင်းမှာ ရန်ဖြစ်ကြတဲ့ အကျဉ်းသား နှစ်ဦးကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ပြီး အကျဉ်းသားတွေက မလုပ်ဖို့ တားမြစ်ရာက အခြေအတင် ဖြစ်ခဲ့ပြီး ထောင်ဝန်ထမ်းတွေက သေနတ်နဲ့ ပစ်ခဲ့ရာက တစ်ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာ ရခဲ့တာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
၁၃ ရက်နေ့ ည ၈ နာရီလောက်မှာ ညီအစ်ကို နှစ်ယောက်ဖြစ်တဲ့ အကျဉ်းသားကနေ ပြီးတော့ စကားများကြတယ်။ စကားများကြတဲ့ ကလေးတွေကို အပြင်ခေါ်ထုတ်ပြီးတော့ ထောင်ဝန်ထမ်းတွေက အမျိုးမျိုး နှိပ်စက်တာပေါ့။ ရိုက်နှက်တာပေါ့နော်။ ထောင်ဝန်ထမ်းတွေက မူးနေတယ်လို့လည်း ပြောတယ်။ လက်နောက်ပြန် လက်ထိပ်ခတ်ပြီးတော့ ရိုက်တယ် နှက်တယ် ခြေထောက်နဲ့ကန်တယ်၊ မျက်နှာကို ခြေထောက်နဲ့ နင်းတာပေါ့။ အမျိုးမျိုး နှိပ်စက်တော့ အထဲက ထောင်သားတွေကနေ အဲလိုမလုပ်နဲ့ ဘာညာပေါ့ အော်တယ် တားတယ်ပေါ့။ ဒီလိုကနေ အုံကြွမှုဖြစ်တယ်။ အာဏာပိုင်တွေက တားတဲ့အခါ မရတော့ အခန်းကို မီးမှာင်ချလိုက်တယ်တဲ့၊ မီးမှောင်ချပြီး သေနတ်နဲ့ ပစ်လိုက်တယ်။ လူတစ်ယောက်ကတော့ အဲဒီမှာပဲ သေပြီး ကျန် ၇ နှစ်ယောက်ကတော့ ခုလက်ရှိ ဆေးရုံမှာ။
ကော့သောင်းအကျဉ်းထောင်ထဲတွင် အကျဉ်းသား ၆၀၀ကျော်ရှိတဲ့အကြောင်း ရေဒီယိုသြစတြေးလျ သတင်းထောက် မြတ်မိုးက သတင်းပေးပို့ခဲ့ပါတယ်။
ABC Radio Australia