Home » » လယ်သိမ်းခံတောင်သူတွေ လယ်ပြန်ရနိုင်မယ့် ဥပဒေရှိပေမယ့် အာဏာပိုင်တွေ လိုက်နာမှုအားနည်း

လယ်သိမ်းခံတောင်သူတွေ လယ်ပြန်ရနိုင်မယ့် ဥပဒေရှိပေမယ့် အာဏာပိုင်တွေ လိုက်နာမှုအားနည်း

Written By Unknown on Sunday, September 1, 2013 | 7:48 AM

မန္တလေး သြဂုတ်-၂၉

တောင်သူတွေရဲ့သိမ်းဆည်းခံ  လယ်ယာမြေတွေ ပြန်လည်ရရှိနိုင်တဲ့ အချက်ကို မနှစ်ကပြဌာန်းလိုက်တဲ့ လယ်ယာမြေဥပဒေတွေထဲမှာ အခိုင်အမာပြဌာန်းထားပေမယ့် အာဏာပိုင်အဖွဲ့အစည်းတွေက လိုက်နာမှုအားနည်းတယ်လို့ လယ်ယာမြေအရေး အခမဲ့လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော် ရှေ့နေ ဦးမြင့်သွင်က ဒီကနေ့ ပြောပါတယ်။

၂၀၁၂ခုနှစ် မတ်လ ၃၀ရက်မှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပြဌာန်းပေးလိုက်တဲ့ မြေလွတ်မြေလပ်နှင့်မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၂(ဂ) မှာ မူလခွင့်ပြုကာလထက်
ကျော်လွန်သည်အထိ ဖော်ထုတ်လုပ်ကိုင်အသုံးပြုခြင်း မရှိသေးသော မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကိုနိုင်ငံတော်က ပြန်လည်သိမ်းယူပြီးဖြစ်သည်ဟု မှတ်ယူရမည် ဟု ဖော်ပြထားပါတယ်။

လယ်ယာမြေဥပဒေ အခန်း(၁၁) ပုဒ်မ ၃၂ မှာ နိုင်ငံတော်အကျိုးဖြစ်ထွန်းစေမည့် စီမံကိန်းများအတွက် လယ်ယာမြေကိုသိမ်းယူရာတွင် အနည်းဆုံး လိုအပ်သောပမာဏကိုသာသိမ်းယူရမည်။စီမံကိန်းအားသတ်မှတ်ကာလအတွင်းအမြန်ဆုံးပြီးစီး စေရန်အကောင်အထည်ဖော်ရမည်ဖြစ်ပြီးစီမံကိန်းများ ဆောင်ရွက်ခြင်းမပြုတော့ပါကမူလလယ်ယာမြေလုပ်ပိုင်ခွင့်ရရှိထားသောပုဂ္ဂိုလ်၊အဖွဲ့အစည်းထံ ပြန်လည်ပေးအပ်ရမည် လို့ ဖော်ပြထားပါတယ်။

ဒီဥပဒေအသစ်တွေထဲမှာ လယ်သိမ်းခံတောင်သူတွေဘက်ကနေ ကုစားလို့ ရနိုင်တဲ့ ပုဒ်မ ၂ ခုကိုတွေ့ပေမယ့် အာဏာပိုင်တွေက လိုက်နာမှု အားနည်းကြောင်းကို “သူတို့မလုပ်လို့ မြေကျန်ရင် နိုင်ငံတော်က သိမ်းပြီးဖြစ်တယ်လို့ ဥပဒေကလည်း ပြဌာန်းပြီးပြီ။ မြေခွန်ဆောင်ထားတဲ့တောင်သူကလည်း ၀င်စိုက်လို့ရပြီလို့ ဥပဒေမှာရေးထားပြီ။ ဒါပေမယ့် ဒီကနေ့ ဒီဥပဒေကို အာဏာပိုင်အဖွဲ့အစည်းတွေက မလိုက်နာကြဘူး။ ”လို့ ဆရာဦးမြင့်သွင်က ပြောပါတယ်။

ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်အုပ်စု ကျင်ဂနိုင်ရွာမှာ ယာမြေ ၈ဧကကို ကော်ဖီစီမံကိန်းအဖြစ်လုပ်ငန်းရှင်ဦးသန်းအောင်က ရထားပြီးလုပ်ငန်းမအောင်မြင်တဲ့အတွက် နောက်ထပ်လုပ်ငန်းရှင်တစ်ဦဖြစ်တဲ့ ဦးခင်မောင်အေးကို လက်လွှဲလိုက်တယ်လို့ သိရပါတယ်။ လက်လွှဲစဉ်က ယာမြေ ၈ ဧကဖြစ်သော်လည်း အမှန်တကယ် ရယူသွားတဲ့ ယာမြေဧကမှာ (၂၀၀) နီးပါးဖြစ်နေတယ်လို့ ကျင်ဂနိုင်တောင်သူအချို့ကပြောပါတယ်။

“ယာမြေဧက(၂၀၀)နီးပါးကို သိမ်းထားမှန်းကို တောင်သူတွေက မသိကြဘူး။ ကျွန်တော်တို့ လက်ထဲမှာမြေခွန်တွေ ၊ ပြေစာတွေရှိပါတယ်။ ဘာလျော်ကြေးမှလည်း မပေးပါဘူး။ စီမံကိန်းဆိုပြီး ဘာမှလည်းမစိုက်ပျိုးဘူး။ ဘာမှမလုပ်ဘူး။ မြေယာလုပ်ပိုင်ခွင့် လက်မှတ်ထုတ်ပေးမှာမို့ ပုံစံ(၁)လာထုတ်ပါလို့ ကျေး၇ွာကအကြောင်းကြားတဲ့နေ့က စပြီးသွားထုတ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကိုကျ ထုတ်မပေးဘဲ လုပ်ငန်းရှင်တွေကိုတော့ ထုတ်ပေးလိုက်ပါတယ်။ မူရင်းတောင်သူတွေက ခုထိမရကြသေးပါဘူး“လို့ ကျင်ဂနိုင်ရွာက ဦးအောင်ကျော်ဆန်းက ပြောပါတယ်။

တောင်သူဦးဌေးဝင်းကလည်း“ကျွန်တော်တို့ မြေယာစီမံခန့်ခွဲရေးကော်မတီဆီမှာ ပုံစံ(၁)သွားထုတ်တော့
ပြဿနာ တက်နေတဲ့ မြေမို့မတင်ပါနဲ့လို့ အုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေက ပြောလိုက်တယ်။ လယ်သိမ်းထားတဲ့ ဦးခင်မောင်အေးနဲ့ ဦးဆန်းအောင်ကိုကျတော့ ထုတ်ပေးလိုက်တယ်”လို့ ပြောပါတယ်။

မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ် ရွာသစ်ကလေးကျေးရွာ ကွင်းအမှတ် ၅၁၈ ၊ ဧကပေါင်း ၅၀၀ကျော်ကို စက်မှုဇုန်(၂)နဲ့ မြို့ပြစီမံကိန်းအဖြစ် ၁၉၉ရ/၉၈ ခုနှစ် သိမ်းယူမှုမှာတော့ လျော်ကြေးမရခဲ့ကြတဲ့အပြင် လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်ထားတဲ့အခါမှာလည်း ပယ်ချခံခဲ့၇တယ်လို့သိရပါတယ်။

“ကွင်းအမှတ် ၅၁၈ မှာ စီမံကိန်းမှာ အသုံးမပြုဘဲကျန်နေတဲ့ မြေဧက က(၂၀၀)ကျော်လောက်ရှိတယ်။ လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ်ရဖို့ ပုသိမ်ကြီးမြေစာရင်းရုံးမှာ တောင်သူသုံးယောက်သွားတယ်။ ဒီနှစ် ၄ လပိုင်း ၁၅ ရက်နေ့မှာ သွားလျှောက်တော့ ချက်ချင်းပယ်ချတယ်။ အဲဒီမြေက လ/န ၃၉ ကျထားပြီးသားလို့ ပြောလိုက်တယ်။ ဒါကြောင့် ဒီမြေမှာ ပြန်စိုက်ခွင့်ရဖို့ကိုလည်း ၂၀၁၃ ခုနှစ် ဇူလိုင်လမှာ သမ္မတဆီကို တိုက်ရိုက်စာတင်ထားပါတယ်။ ”လို့ ရွာသစ်ကလေးရွာက တောင်သူ ကိုစိုးမြင့်ထွန်းက ပြောပါတယ်။

မန္တလေးမြို့ ပုသိမ်ကြီးမြို့နယ် မြေစာရင်းဦးစီးအရာရှိ ဦးစိုးမင်းသူက“ကွင်းအမှတ် ၅၁၈ ကွင်းက မူလတုန်းက ၁၉၉၈ ခုနှစ်မြို့ကွက်သစ်ဖော်ထုတ်ဖို့ မြေယာသိမ်းဆည်းပြီးခြေပြန်ချပေးထားတာပါ။ နောက်ပိုင်းမှာ မြို့တော်စည်ပင်က ဂ၇န်မြေထုတ်ပေးထားတာပါ။ ဒါကြောင့် လယ်ယာမြေဆိုတဲ့ စကားရပ်နဲ့ အကျုံးမ၀င်တော့ပါဘူး။ ”လို့ ပြောပါတယ်။

လက်ရှိမြေယာစီမံခန့်ခွဲမှုကော်မတီအနေနဲ့ လယ်ယာမြေမှတ်ပုံတင်လက်မှတ်ကိုသာ ထုတ်ပေးပြီး ယခင်ဖြစ်ခဲ့တဲ့ မြေယာအငြင်းပွားမှုတွေကိုတော့ ဆောင်ရွက်ပေးခြင်း မရှိဘူးလို့ သိရပါတယ်။ “အခု ဥပဒေသစ်က ဥပဒေတည်ပြီးချိန်ကစပြိး ဖြစ်လာမယ့် မြေယာကိစ္စတွေကို သာ မြေယာစီမံခန့်ခွဲမှုကော်မတီက ဆောင်ရွက်ပေးမှာပါ။ ၂၀၁၂ မှာ အသစ်ထွက်ထားတဲ့ မြေယာဥပဒေတွေက ခုချိန်ကစပြီး နောက်ထပ်စီမံကိန်းတွေ လုပ်ဆောင်မယ်ဆိုရင် အခုဥပဒေအတိုင်းလုပ်ရမယ်လို့ပြောတာပါ။ ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

မန္တလေးခေတ်