Home » » လူငယ်သင်တန်း ကျောင်းရောက် ကလေးများ ရာနှုန်းပြည့်နီးပါး ပညာရေး အားနည်းဟုဆို

လူငယ်သင်တန်း ကျောင်းရောက် ကလေးများ ရာနှုန်းပြည့်နီးပါး ပညာရေး အားနည်းဟုဆို

Written By Unknown on Tuesday, September 3, 2013 | 7:32 PM

မန္တလေး၊ စက်တင်ဘာ ၂

လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်လှစ်ထားသော လူငယ်သင်တန်းကျောင်းများသို့ ဒုစရိုက်မှုများ ကျူးလွန်၍ ရောက်ရှိလာသော လူငယ်များအနက် ၉၉ ရာခိုင်နှုန်းသည် ပညာရေးအားနည်းသူများ ဖြစ်ကြောင်း လူငယ်သင်တန်းကျောင်း (မန္တလေး) ကျောင်းအုပ်ကြီး ဦးကျော်သူနိုင်က The Voice သို့ ပြောကြားသည်။

ယင်းသင်တန်းကျောင်းသို့ ရောက်ရှိလာသော ကလေးများသည် အသက်ရှစ်နှစ်မှ ၁၆ နှစ်အရွယ်အထိဖြစ်ပြီး မူးယစ်ဆေးသုံးစွဲ၍ ရောက်ရှိလာ သူများလည်း ပါဝင်ရာ ၎င်းတို့ကို အခြေခံစာအရေးအဖတ် အ,သုံးလုံး သင်တန်းနှင့် ဘာသာရေး သင်တန်းတို့ကို အဓိကထား သင်ကြားပေးလျက် ရှိကြောင်း အဆိုပါ သင်တန်းကျောင်းထံမှ သိရှိရသည်။

ယင်းကျောင်းရောက် ကလေးသူငယ်များသည် စိတ်ပိုင်းဆိုင်ရာ အားနည်းချက်များရှိ၍ သင်ကြားရေးတွင် အခက်အခဲ တွေ့ရသည် ဟု ကျောင်းအုပ်ကြီး ဦးကျော်သူနိုင်က ဆိုသည်။

“အကျင့်ပျက်တဲ့ ကလေးတွေ ကျူးလွန်တဲ့ အပြစ်တွေဟာ လူကြီးတွေ ကျူးလွန်တာထက် ပြောစရာ မကောင်းလောက်အောင် တွေ့ရတယ်” ဟု မန္တလေးမြို့ ဒေသခံတရားရုံးနှင့် နီးစပ်သူတစ်ဦးက The Voice သို့ သုံးသပ်ပြောကြားသည်။

လူငယ်သင်တန်းကျောင်းများတွင် အစိုးရက အကာအကွယ်ပေးရန် လိုအပ်သည့် ကလေးများ၊ မိဘမဲ့ကလေးများ၊ တရားရုံးက အကျင့်စာရိတ္တ ပြုပြင်ရန် လိုအပ်သည့် ကလေးများနှင့် အိမ်ရာမဲ့ကလေးများကို လက်ခံ၍ ပညာရပ်မျိုးစုံကို သင်ကြားပေးလျက် ရှိကြောင်း ဦးကျော်သူနိုင်က ပြောကြားသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက လူငယ်သင်တန်းကျောင်း (မန္တလေး)၊ လူငယ်သင်တန်းကျောင်း (ငှက်အော်စမ်း) တို့အပါအဝင် လူငယ်သင်တန်းကျောင်း ၁၁ ကျောင်းကို ဖွင့်လှစ်ထားကြောင်း လူမှုဝန်ထမ်းဦးစီးဌာန မှတ်တမ်းများအရ သိရှိရသည်။

(သန်းဖေသား)

The Voice Weekly