Home » » အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၉၀ ကျော် မလေးရှားနယ်စပ်တွင်ဖမ်းမိ

အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၉၀ ကျော် မလေးရှားနယ်စပ်တွင်ဖမ်းမိ

Written By Unknown on Friday, September 20, 2013 | 11:15 AM

ထိုင်းနယ်စပ်မှတစ်ဆင့် ဖြတ်ကျော်ဝင်ရောက်လာသော အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၉၂ ဦးကို စက်တင်ဘာ ၁၈ ရက်က မလေးရှားနိုင်ငံ ကွာလာပါလစ်မြို့အနီးတွင် ဖမ်းဆီးရမိခဲ့သည်ဟု မလေးရှားသတင်းစာများက ဖော်ပြသည်။

စက်တင်ဘာ ၁၈ ရက် နံနက်တွင် မလေးရှားနိုင်ငံစစ်ဆေးရေးအဖွဲ့ ကင်းလှည့်ဆောင်ရွက်နေစဉ် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး အားလုံးမှာ အသက် (၂၀)နှင့် (၄၀) ကြားသာ ဖြစ်သည်ဟုဆိုသည်။ ၎င်းတို့သည် မလေးရှားနိုင်ငံသို့ မရောက်မီ လမ်းခရီး၌ ဒုက္ခပေါင်းစုံကြုံတွေ့ခဲ့ရပြီး ထိုင်းနယ်စပ်မှတစ်ဆင့် ၀င်ရောက်လာခြင်းဖြစ်သည်ဟု ပြောကြားကြောင်း မလေးရှားအစိုးရမှ တာဝန်ရှိသူ ဂျိုးကင်းကပြောသည်။
မလေးရှားနှင့် ထိုင်းနိုင်ငံသည် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မလေးရှား-ထိုင်းနယ်စပ်မှတစ်ဆင့် ထွက်ပြေး၍ ထိုင်းနိုင်ငံ မဲဆောက်မြို့မှ မြန်မာနိုင်ငံ မြ၀တီသို့ မြန်မာအလုပ်သမား ၁၄၈ ဦး ရောက်ရှိလာခဲ့ပြီး မြ၀တီမြို့မှ သက်ဆိုင်ရာအာဏာပိုင်များက နေရပ်သို့ ပြန်လည်ပို့ဆောင်မှုများ ပြုလုပ်ခဲ့ရသည်။

စက်တင်ဘာ ၁ ရက်မှ စ၍ မလေးရှားနိုင်ငံတွင် ပြုလုပ်ခဲ့သော တရားမ၀င်အလုပ်သမား ဖမ်းဆီးရေးစီမံချက်တွင် မြန်မာအလုပ်သမား ၆၀၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူများနှင့် မလေးရှားအစိုးရတို့က အဆိုပါအရေးအတွက် ဆွေးနွေးမှုများပြုလုပ်ခဲ့ကြသည်။

7day daily