Home » » ထိန်းချုပ်နယ်မြေတွင် သန်းခေါင်စာရင်း ကောက်ရန် ကေအိုင်အို လက်မခံ

ထိန်းချုပ်နယ်မြေတွင် သန်းခေါင်စာရင်း ကောက်ရန် ကေအိုင်အို လက်မခံ

Written By Unknown on Tuesday, September 17, 2013 | 12:51 PM

ရန်ကုန်၊ စက်တင်ဘာ ၁၆

မြန်မာနိုင်ငံ နယ်စပ်ဒေသ အသီးသီးရှိ တိုင်းရင်းသား လက်နက်ကိုင်များ၏ ထိန်းချုပ် နယ်မြေများတွင် သန်းခေါင်စာရင်း ကောက်ရန် လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနှင့် ညှိနှိုင်းသဘော တူညီမှုရပြီ ဖြစ်သော်လည်း ကေအိုင်အို အဖွဲ့ကမူ လက်မခံသေးကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကချင်ပြည်နယ်ရှိ ပဋိပက္ခ ဖြစ်လျက်ရှိသော ဒေသများမှအပ ကျန်ဒေသ အားလုံးတွင် သီးသန့်လုံခြုံရေး မလိုအပ်ကြောင်း၊ အထူးသဖြင့် ကရင်ပြည်နယ်တွင် မည်သည့် လုံခြုံရေးမျှ ထားရှိရန် မလိုကြောင်း ပြည်ထောင်စုဝန်ကြီးက ရှင်းပြသည်။

“ဒါက စစ်ရေး၊ နိုင်ငံရေးနဲ့ ဘာမှမဆိုင်ဘူး။ ကောက်လို့ မရရင် အကောက်မခံသူတွေပဲ နစ်နာမယ်” ဟု ၎င်းကဆိုသည်။

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူရေးအတွက် မြန်မာနိုင်ငံ အတွင်းရှိ နယ်မြေဒေသအားလုံး မကျန်ရှိစေရန် ၂၀၁၄ မတ်လမတိုင်မီ ပဋိပက္ခ ကျန်ရှိနေသည့် ဒေသများရှိ သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းသွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားသည်။

“နောက်ဆုံး မရခဲ့ဘူး ဆိုရင်တောင် ကျန်နေမှာ တိုင်းပြည် လူဦးရေနဲ့ယှဉ်ရင် မပြောပလောက်တော့ ပင်မစီမံကိန်းကို မထိခိုက်နိုင်ပါဘူး” ဟု ၎င်းကသုံးသပ်သည်။

ယင်းသို့ သန်းခေါင်စာရင်း ကောက်ယူရေးအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ အပါအဝင် နယ်စပ်ဒေသ အသီးသီးသို့ အသေးစိတ် သွားရောက် ရှင်းပြမည် ဖြစ်ပြီး မိုင်းလားဒေသသို့ ပြည်ထောင်စုဝန်ကြီး ကိုယ်တိုင် မကြာမီ သွားရောက် ဆွေးနွေးသွားမည် ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနထံမှ သိရသည်။

The Voice Weekly