Home » » သပိတ်ကျင်းနှင့် စဥ့်ကူးတွင် ငလျင်ကြောင့် နေအိမ်ပျက်စီးသွားသူများအတွက် အသင့်ဆောက်ပြီးအိမ်များ တရုတ်လှူဒါန်းမည်

သပိတ်ကျင်းနှင့် စဥ့်ကူးတွင် ငလျင်ကြောင့် နေအိမ်ပျက်စီးသွားသူများအတွက် အသင့်ဆောက်ပြီးအိမ်များ တရုတ်လှူဒါန်းမည်

Written By Unknown on Saturday, September 7, 2013 | 6:42 PM

သပိတ်ကျင်းနှင့် စဥ့်ကူးမြို့များတွင် ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် နေအိမ်များ၊ အစိုးရဌာန အဆောက်အအုံများကို တရုတ်နိုင်ငံမှ လှူဒါန်းသော အသင့်ဆောက်ပြီးအိမ်များဖြင့် ယခုလ ဒုတိယပတ်အတွင်း စတင်ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ သတင်းရရှိသည်။

၎င်းအဆောက်အအုံများ ဆောက်လုပ်ရန် တရုတ်နိုင်ငံမှ လှူဒါန်းခြင်းဖြစ်ပြီး သုံးလအတွင်း အပြီးဆောက်လုပ်ရန် စီစဉ်ထားကြောင်း မန္တလေးတိုင်းဒေသကြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်ကျော်လင်းက ပြောသည်။

လက်ရှိတွင် အသင့်ဆောက်ပြီး နှစ်ထပ်နေအိမ် အလုံး ၁၀၀ ကို ပြည်တွင်းပညာရှင်များဖြင့် စတင် ဆောက်လုပ်နေပြီဖြစ်ပြီး သပိတ်ကျင်းမြို့ပေါ်မှ အစိုးရရုံးပေါင်းစုံ ၁၄ လုံးနှင့် မြို့တော်ခန်းမကိုမူ တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များက ယခုလ ဒုတိယပတ်အတွင်း လာရောက်တပ်ဆင်ပြသပြီးမှသာ စတင်ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဦးစီးမှူးဦးကျော်ကျော်လင်းက ဆိုသည်။

ပြန်လည်အစားထိုးဆောက်လုပ်ပေးမည့် အသင့်ဆောက်ပြီးအိမ်များ၏ မြေပေါ်ပိုင်း ဆောက်လုပ်ရာတွင် ပါဝင်မည့်ပစ္စည်းများကို တရုတ်နိုင်ငံမှ လှူဒါန်းခြင်းဖြစ်ပြီး အဆောက်အအုံ၏ အခြေခံအုတ်မြစ်များကိုမူ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ အကုန်ကျခံ ဆောက်လုပ်ခြင်းဖြစ်ကြောင်း  အဆိုပါဌာနက သတင်းရရှိသည်။

တရုတ်နိုင်ငံအစိုးရက ယခုကဲ့သို့ ဆောက်လုပ်ရေးပစ္စည်းများကိုသာ တိုက်ရိုက်ပေးလှူခြင်းဖြစ်ကြောင်း၊ ယခု လှူဒါန်းသည့် ငွေကြေးပမာဏကိုလည်း တွက်ဆ၍ မရနိုင်ကြောင်း ဦးစီးမှူးဦးကျော်ကျော်လင်းက ဆက်လက်ပြောသည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် လှုပ်ခတ်ခဲ့သော သပိတ်ကျင်းငလျင်ကြောင့် သပိတ်ကျင်းမြို့တွင် နေအိမ် ၈၄၉ လုံး၊ စဥ့်ကူးမြို့တွင် နေအိမ် ၈၆၆ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က ထုတ်ပြန်ကြေညာသည်။

7day daily