Home » » ဝဲကြီးပဋိပက္ခ ရဲတပ်ဖွဲ့ဝင်များကို အနာတရ ပြုလုပ်မှု ထပ်မံဖမ်းဆီးမည်

ဝဲကြီးပဋိပက္ခ ရဲတပ်ဖွဲ့ဝင်များကို အနာတရ ပြုလုပ်မှု ထပ်မံဖမ်းဆီးမည်

Written By Unknown on Sunday, September 22, 2013 | 12:36 PM

နေပြည်တော်၊ စက်တင်ဘာ ၂၁

နေပြည်တော် ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာ ပဋိပက္ခတွင် ရဲတပ်ဖွဲ့ဝင်များ အနာတရဖြစ်ခြင်း၊ ဖမ်းဆီး ချုပ်နှောင်ခံရခြင်း တို့ကြောင့် ကျေးရွာ နေထိုင်သူ ၁၀ ဦးကို အမှုဖွင့် စစ်ဆေးလျက်ရှိပြီး ဒဏ်ရာရ ရဲတပ်ဖွဲ့ဝင်များနှင့် ဖမ်းဆီးစဉ် ပါဝင်သည့် မျက်မြင်တွေ့ရှိသူများ၏ ထွက်ဆိုချက်အရ ထပ်မံပေါ်ပေါက်လာလျှင် ကျေးရွာနေထိုင်သူများကို ထပ်မံဖမ်းဆီးမည် ဖြစ်ကြောင်း ကျည်တောင်ကန်နယ်မြေ ရဲတပ်ဖွဲ့မှ စခန်းမှူး ရဲအုပ်စိန်သောင်းက ပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာနပိုင် သတင်းစာတိုက် နယ်မြေတွင် စိုက်ပျိုးထားသည့် သစ်တောစိုက်ခင်းမြေများကို ဖျက်ဆီးမှုကြောင့် အမှုဖွင့်ခံထားရသူ ဝဲကြီးကျေးရွာ နေသူအချို့ကို ဇေယျာသီရိမြို့နယ် ရဲတပ်ဖွဲ့မှူး အပါအဝင် ရဲတပ်ဖွဲ့ဝင် ၃၀ ခန့်က လာရောက် ဖမ်းဆီးရာ ကျေးရွာနေထိုင်သူများက ရဲတပ်ဖွဲ့ဝင်များကို ဒဏ်ရာရရှိစေရန် ပြန်လည် ခုခံခဲ့သောကြောင့် ယင်းကျေးရွာနေ အမျိုးသားကိုးဦး၊ အမျိုးသမီးတစ်ဦးကို အမှုဖွင့်ထားကြောင်း ကျည်တောင်ကန် နယ်မြေရဲစခန်းထံမှ သိရှိရသည်။

ဝဲကြီးကျေးရွာ အတွင်းသို့ အမှုဖွင့်ခံ ထားရသူများကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့ဝင်များ ဝင်ရောက် ရှာဖွေရာတွင် ကျေးရွာ တာဝန်ရှိသူများ မပါဝင်သောကြောင့် ရှာဖွေခံရသော် ရှာဖွေခံရသည့် နေအိမ်များတွင် ခုခံမှုများ ဖြစ်ပေါ်ခဲ့ပြီး ကျေးရွာအတွင်း ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ဝဲကြီးကျေးရွာ နေထိုင်သူအချို့က ပြောကြားသည်။

ကျေးရွာနေသူများ၏ ခုခံမှုကြောင့် ကျည်တောင်ကန် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးကို နေပြည်တော်ခုတင် ၁၀၀၀ ဆေးရုံတွင် တင်ပို့ကုသလျက်ရှိပြီး ၎င်းတို့အနက် တစ်ဦးကို အတွင်းလူနာအဖြစ် ကုသလျက် ရှိကြောင်း ကျည်တောင်ကန် နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယူကလစ်ပင်များ ခုတ်မှုဖြင့် ဝဲကြီးကျေးရွာနေသူ ဦးဇော်လတ်၊ ဦးထွန်းထွန်း၊ ဦးဝင်းနိုင်နှင့် ဦးဝင်းကြည်တို့ကို စက်တင်ဘာလ ၁၉ ရက်နေ့ နံနက် ၂ နာရီခန့်က ရဲတပ်ဖွဲ့ဝင် ၃၀ ခန့် ဝင်ရောက် ဖမ်းဆီးရာမှ ရဲတပ်ဖွဲ့ဝင်များနှင့် ကျေးရွာနေထိုင်သူများအကြား ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း အဆိုပါ ကျေးရွာနေထိုင်သူ တစ်ဦးထံမှ သိရှိရသည်။

ပုဗ္ဗသီရိမြို့နယ် ဝဲကြီးကျေးရွာ နေထိုင်သူ ၁၀ ဦးကို (ပ) ၆၆/၁၃၊ ပုဒ်မ ၃၃၃/၂၉၄/၁၁၄ ဖြင့် စက်တင်ဘာ ၂၀ ရက်နေ့တွင် အမှုဖွင့်ထားကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly