Home » » မွတ်ဆလင်ညီနောင်များအဖွဲ့ လှုပ်ရှားမှုများကို အီဂျစ်တရားရုံး တရားဝင်ပိတ်ပင်

မွတ်ဆလင်ညီနောင်များအဖွဲ့ လှုပ်ရှားမှုများကို အီဂျစ်တရားရုံး တရားဝင်ပိတ်ပင်

Written By Unknown on Wednesday, September 25, 2013 | 8:15 PM

ကိုင်ရို၊ စက်တင်ဘာ ၂၃

အီဂျစ် မွတ်ဆလင်ညီနောင်များအဖွဲ့၏ လှုပ်ရှားမှုများ၊ ၄င်းနှင့် ပတ်သက်နေသည့် အစိုးရမဟုတ်သော အဖွဲ့များ၊ အဖွဲ့အစည်းများ အားလုံးကို ကိုင်ရိုတရားရုံးက တရားဝင် ပိတ်ပင်တားမြစ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

မွတ်ဆလင်ညီနောင်များ အဖွဲ့၏ လှုပ်ရှားမှုများ သာမက၊ အဖွဲ့ပိုင် ပိုင်ဆိုင်မှု များကို သိမ်းယူရန် အယူခံဝင်မှုများ ကြားနာမပြီးခင် အချိန်ထိ ကိုယ်စားလှယ် အဖွဲ့ ထားရှိပြီး သိမ်းယူထားသော ရန်ပုံငွေ များကို စောင့်ကြပ်ထိန်းချုပ်ရန် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

အီဂျစ်အာဏာပိုင် များက မွတ်ဆလင် ညီနောင်များ အဖွဲ့ဝင် သမ္မတမော်စီကို ဇူလိုင်လ ၃ ရက်နေ့တွင် ရာထူးမှဖြုတ်ချ ခဲ့ပြီး ယင်းအချိန်မှစ၍ အဖွဲ့၏ ထိပ်တန်း ခေါင်းဆောင်များ၊ ထောက်ခံအားပေးသူ များကို ဖမ်းဆီး ထိန်းသိမ်းခဲ့သည်။

မွတ်ဆလင်ညီနောင်များ အဖွဲ့ကို ၁၉၂၈ ခုနှစ်တွင် အီဂျစ်နိုင်ငံ၌ စတင်တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး ၁၉၅၄ ခုနှစ်တွင် အီဂျစ်စစ်အာဏာရှင်များက မွတ်ဆလင် ညီနောင်များအဖွဲ့၏ လှုပ်ရှားမှုများကို ပိတ်ပင်ခဲ့သည်။

သို့သော်လည်း မွတ်ဆလင်ညီနောင် များအဖွဲ့က အစိုးရမဟုတ်သော အဖွဲ့အစည်း အဖြစ် မတ်လအတွင်း ပြန်လည် မှတ်ပုံတင်ခဲ့ပြီး၊ လွတ်လပ်ရေးနှင့် တရားမျှတမှု ပါတီဟု အမည်ပေးထားသော ပါတီတစ်ရပ်ကိုလည်း အဖွဲ့၏ နိုင်ငံရေးရာ လက်ရုံးတပ်ဖွဲ့အဖြစ် ၂၀၁၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်။

သမ္မတမော်စီ ရာထူးမှဖြုတ်ချခံခဲ့ ရပြီး အစ္စလာမ္မစ် အယူအဆများနှင့်အညီ ရေးဆွဲထားသော ၂၀၁၂ ခုနှစ် အခြေခံ ဥပဒေ ကျင့်သုံးမှုကို ဆိုင်းငံ့ထားပြီးနောက် မွတ်ဆလင်ညီနောင်များ အဖွဲ့၏ ဥပဒေ ရေးရာအရ တရားဝင် တည်ရှိပိုင်ခွင့်ကို ကိုင်ရိုတရားရုံးနှင့် လူမှုရေးရာ သွေးစည်း ညီညွတ်ရေး ဝန်ကြီးဌာနတို့က ပြန်လည် ဆန်းစစ်ခဲ့ကြသည်။

ကိုင်ရိုတရားရုံး၏ အမိန့်ချမှတ်မှု အရ အစိုးရ မဟုတ်သောအဖွဲ့အစည်း ဖြစ်သည့် မွတ်ဆလင်ညီနောင်များ အဖွဲ့၊ ၄င်းနှင့် ပတ်သက်နေသော အဖွဲ့အစည်းများ၊ ဘဏ္ဍာရေး အထောက်အပံ့ ရရှိနေသော အဖွဲ့အစည်းများ ပိတ်ပင်ခံရမည် ဖြစ်သည်။

မွတ်ဆလင်ညီနောင်များ အဖွဲ့၏ နိုင်ငံရေးအဖွဲ့အစည်း ဖြစ်သော လွတ်လပ်ရေး နှင့် တရားမျှတရေး ပါတီမှာ ပိတ်ပင်တားမြစ် ခြင်းမခံရသော်လည်း ဘာသာရေးနှင့် ပတ်သက်သော နိုင်ငံရေးပါတီများ မရှိစေရ ဟု ၂၀၁၂ အခြေခံဥပဒေ ပြင်ဆင်ချက်တွင် ဖော်ပြထားခြင်းကြောင့် နောက်ပိုင်းကာလ များတွင် တရားစွဲဆိုမှုများ ကြုံတွေ့ရမည် ဖြစ်သည်။

တရားစီရင်ရခြင်း၏ အကြောင်းရင်းခံ များကို ကိုင်ရို တရားရုံးက ထုတ်ဖော် ကြေညာခြင်း မရှိသော်လည်း အီဂျစ် လက်ဝဲပါတီတစ်ခု ဖြစ်သော အမျိုးသားတိုးတက်ရေး ပြည်ထောင်စုပါတီက မွတ်ဆလင်ညီနောင်များ အဖွဲ့ကို အကြမ်းဖက်အဖွဲ့၊ ဘာသာရေးနှင့် နိုင်ငံရေး ရောစပ် သည့်အဖွဲ့ဟု စွပ်စွဲပြီး တရားစွဲထားကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

ကိုင်ရိုတရားရုံး၏ အမိန့်ချမှတ်မှုမှာ အလုံးစုံချုပ်ကိုင်ရေး ဝါဒီအာဏာရှင်များ၏ ဆုံးဖြတ်ချက် ဖြစ်ကြောင်း မွတ်ဆလင်ညီနောင်များ အဖွဲ့မှာ ပျောက်ကွယ်သွားမည် မဟုတ်ကြောင်း အဖွဲ့၏ ထိပ်တန်းခေါင်းဆောင် တစ်ဦးဖြစ်သူ အီဘရာဟင်မိုနာက မှတ်ချက်ပြုသည်။

The Voice Weekly