Home » » မန္တလေးရှိုးပွဲ အုပ်စုဖွဲ့ရန်ပွဲတွင် ပါဝင်သူများ ဖမ်းဆီးရန် စုံစမ်းလျက်ရှိ

မန္တလေးရှိုးပွဲ အုပ်စုဖွဲ့ရန်ပွဲတွင် ပါဝင်သူများ ဖမ်းဆီးရန် စုံစမ်းလျက်ရှိ

Written By Unknown on Monday, September 30, 2013 | 3:29 PM

မန္တလေးမြို့ ဒိုင်းမွန်းပလာဇာတွင် ကျင်းပခဲ့သည့် စတိတ်ရှိုးပွဲ၌ ပရိသတ်အချင်းချင်း အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားရာမှ လူခုနစ်ဦးခန့် ထိခိုက်ဒဏ်ရာရရှိမှုနှင့်ပတ်သက်၍ ယင်းဖြစ်စဉ်တွင် ပါဝင်သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးမှ သတင်းရရှိသည်။

ယခုလ ၂၇ ရက်က မန္တလေးမြို့ ဒိုင်းမွန်းပလာဇာတွင် ကျင်းပခဲ့သည့် ရှိုးပွဲ၌ ပွဲကြည့်သူအချင်းချင်း အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားခဲ့ရာ လူငယ်ခုနစ်ဦး ဒဏ်ရာများရရှိခဲ့ပြီး၊ ရန်ပွဲတွင် ပုလင်းကွဲ၊ ဖန်ကွဲများဖြင့် ရိုက်နှက်ခဲ့ကြပြီး ထိုသို့ရိုက်နှက်ခဲ့သူများအား ဖမ်းဆီးရမိရေး ဆောင်ရွက်နေခြင်းဖြစ်သည်။ ဒဏ်ရာရရှိသူများတွင် ဆယ်ကျော်သက်အရွယ်လူငယ်များ ပါဝင်သည်။
““ကကြ၊ ခုန်ကြရင်းနဲ့ ဖြစ်တာ။ အဲဒီထဲမှာ ထိုးကြကြိတ်ကြ၊ ပုလင်းတွေနဲ့ ရိုက်နေကြတာ တွေ့တယ်”” ဟု အဆိုပါရှိုးပွဲသို့ သွားရောက်ကြည့်ရှုသူတစ်ဦးက ပြောကြားသည်။

ရန်ပွဲအတွင်း ရိုက်နှက်ခံရသူများမှာ ပြတ်ရှဒဏ်ရာအချို့ ရရှိခဲ့ပြီး မန္တလေးဆေးရုံကြီး အရေးပေါ်လူနာဌာနသို့ တက်ရောက်ဆေးကုသမှု ခံယူခဲ့ရသော်လည်း မစိုးရိမ်ရကြောင်း၊ ရန်ပွဲကြောင့် လူသေဆုံးသည်ဆိုသော ကောလာဟလများ မြို့ခံများအကြား ထွက်ပေါ်ခဲ့သော်လည်း မဟုတ်မှန်ကြောင်း မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အမှတ် (၈) မြို့မရဲစခန်းမှ သတင်းရရှိသည်။

ရှိုးပွဲအတွင်း ခိုက်ရန်ဖြစ်ပွားစဉ်အချိန်က လူငယ်ခုနစ်ဦးကို ထိုးကြိတ်မှုများပြုလုပ်သည်ဟု သံသယရှိသည့် အမျိုးသားသုံးဦးအား လုံခြုံရေးတာဝန်ရှိသူများက ထိန်းသိမ်းခဲ့သော်လည်း ၎င်းတို့အား ရန်ပြုသွားသူများမှာ အဆိုပါအမျိုးသားသုံးဦးမဟုတ်ကြောင်း၊ ထိုးကြိတ်သွားသည့် အမျိုးသားများအား မှတ်မိခြင်းမရှိကြောင်း ဖြေကြားခဲ့သည်ဟု တိုင်းရဲရုံးမှတ်တမ်းများတွင် ဖော်ပြသည်။

စက်တင်ဘာ ၂၇ ရက်က ဒိုင်းမွန်းပလာဇာအပေါ်ဆုံးထပ်တွင် ပြုလုပ်ခဲ့သည့် အဆိုပါရှိုးပွဲ၌  J-Me ၊ ကျော်ထွဋ်ဆွေ၊ လွှမ်းပိုင်၊ ဘန်နီဖြိုး၊ Bobby Soxer ၊ မိစန္ဒီ အစရှိသည့် လူငယ်ကြိုက် အနုပညာရှင်များစွာ ပါဝင်ဖျော်ဖြေခဲ့ပြီး ပရိသတ် ၇၀၀ တက်ရောက်ခဲ့ကြောင်း တိုင်းရဲရုံးမှတ်တမ်းများတွင် ဖော်ပြထားသည်။

7Day Daily