Home » » ရွှေဝါရောင်နေ့ရက်များ

ရွှေဝါရောင်နေ့ရက်များ

Written By Unknown on Thursday, September 19, 2013 | 6:53 AM

“၀ုန်း...”
...
တိတ်ဆိတ်နေသောညအချိန်တွင် ယင်းအသံကြားရပြီးနောက် အာမခံသော့အကြီးစားခတ်ထားသည့် သံတံခါးမကြီးပွင့်ထွက်သွားသည်။ အုတ်တံတိုင်းလည်း ကျိုးပဲ့သွားသည်။ တစ်ဟုန်ထိုးဝင်လာသော စစ်ကားတစ်စီးနောက်တွင် စစ်သားများ။ ၎င်းတို့နောက်တွင် ၀ါးစိမ်းတုတ်၊ နံပါတ်တုတ်ကိုယ်စီဖြင့် အရပ်သားဝတ်စုံများနှင့်လူများ။ ယင်းနောက်တွင်တော့ ကျောင်းဝင်းတစ်ဝင်းလုံး သေနတ်သံများ၊ ကြိမ်းမောင်းဆဲဆိုရိုက်နှက်သံများ တဒင်္ဂလွှမ်းမိုးသွားပြီး သွေးချောင်းစီးမတတ်ဖြစ်ခဲ့လေသည်။

ယင်းဖြစ်ရပ်ကား ကမ္ဘာကျော်ခဲ့သော ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် တောင်ဥက္ကလာပ ငွေကြာရံကျောင်းတိုက်ကို စစ်တပ်မှ ၀င်ရောက်စီးနင်းခြင်းမြင်ကွင်းဖြစ်သည်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ကြသော ရဟန်းသံဃာတော်များနှင့် ပြည်သူများကို စစ်အစိုးရက အကြမ်းဖက်သည့်နည်းအသုံးပြုကာ နှိမ်နင်းခဲ့သည်။ ထေရ၀ါဒဗုဒ္ဓဘာသာ အထွန်းကားဆုံးတိုင်းပြည်ဟု သတ်မှတ်ထားခြင်းခံရသော မြန်မာနိုင်ငံတွင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြသော ရဟန်းသံဃာတော်များအား အကြမ်းဖက်နှိမ်နင်းခဲ့ခြင်းသည် ကမ္ဘာသူကမ္ဘာသားတွေကို ပါးစပ်အဟောင်းသား အံ့အားသင့်စေခဲ့သည်။

၁၉၈၈ ခုနှစ် စစ်တပ်မှ အာဏာသိမ်းပြီးသည့်နောက် န၀တ၊ နအဖစစ်အစိုးရလက်ထက်တွင် အကြီးမားဆုံး ထပ်မံပေါ်ပေါက်လာသည့် ဒီမိုကရေစီအရေး လှုပ်ရှားမှုဖြစ်သော ရွှေဝါရောင်တော်လှန်ရေး အကြမ်းဖက်ဖြိုခွဲခံရသည်မှာ ယခုနှစ် စက်တင်ဘာတွင် ခြောက်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

သို့သော် ယင်းကာလက ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို မေ့နိုင်ဦးမည်မဟုတ်ဟု ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်သူရဟန်းသံဃာများကမိန့်သည်။

“ဗုဒ္ဓဘာသာအစိုးရက သံဃာတော်များကို ရိုက်နှက်ဖမ်းဆီးထောင်ချကာ အင်မတန်ဆိုးရွားတဲ့လုပ်ရပ်ပါ။ ဘာသာကို ပျက်ပြားစေတယ်။ ဦးဇင်းတို့ကတော့ ဘယ်တော့မှမမေ့ဘူး”ဟု ငွေကြာရံကျောင်းတိုက်မှ ဦးအာစရက စစ်သားများရိုက်နှက်မှုကြောင့် ရရှိခဲ့သော ဦးခေါင်းမှ တစ်လက်မခွဲခန့်ရှိသည့် အမာရွတ်ကိုပြရင်း မိန့်ကြားသည်။

၂၀၀၇ ခုနှစ် သြဂုတ်လတွင် လောင်စာဆီဈေးနှုန်းများ ရုတ်တရက်တစ်ဟုန်ထိုး တက်သွားခဲ့သည်ကို အစပြုပြီး ကုန်ဈေးနှုန်းကျဆင်းရေးအတွက် သံဃာတော်များကဦးဆောင်ကာ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

သံဃာတော်နှင့် ပြည်သူများမှာ အပြန်အလှန်အကျိုးပြုကြသည့်သဘောရှိပြီး ကုန်ဈေးနှုန်းတိုးမြှင့်သည့်အတွက် ပြည်သူအများ ဒုက္ခရောက်နေသောကြောင့် တညီတညွတ်တည်း ပါဝင်ခဲ့ကြခြင်းဖြစ်သည်ဟု ရွှေဝါရောင်သံဃာတော်များက မိန့်ကြားကြသည်။ သို့သော် စစ်အစိုးရက သံဃာတော်များကို ပြင်းထန်စွာတုံ့ပြန်ခဲ့ကြသည်။

စက်တင်ဘာ ၅ ရက်(ပခုက္ကူ)
ငြိမ်းချမ်းစွာဆန္ဒပြဖော်ထုတ်ခဲ့ကြသော သံဃာတော်များအား စစ်တပ်နှင့် အာဏာပိုင်များ ကျောထောက်နောက်ခံပေးထားသော အရပ်သားများက တုတ်ဖြင့်ရိုက်၊ ကြိုးဖြင့်တုပ်၍ လူပုံအလယ်တွင် အင်အားသုံးနှိမ်နင်းခဲ့ကြသည်။ ယင်းဖြစ်ရပ်သည် တစ်နိုင်ငံလုံးရှိ သံဃာတော်များ အာဏာရှင်စနစ်၏ဖိနှိပ်မှုကို ဆန့်ကျင်ရန်၊ ဒီမိုကရေစီတောင်းဆိုရာတွင် တညီတညွတ်တည်းပါဝင်လာစေရန် တပ်လှန့်လိုက်သကဲ့သို့ဖြစ်သွားသည်ဟု ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့ကြသူများကဆိုသည်။

စက်တင်ဘာ ၉ ရက်
ပခုက္ကူဖြစ်စဉ်အပြီးတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သံဃာတပ်ပေါင်းစုကြီး ဖွဲ့စည်းခဲ့ကြပြီး ရွှေဝါရောင်တော်လှန်ရေးကို အရှိန်မြှင့်ခဲ့ကြသည်။

စက်တင်ဘာ ၁၇ ရက်
စစ်အစိုးရ၏ အကြမ်းဖက်နှိမ်နင်းမှုများအတွက် သံဃာတော်များက ကံဆောင်သပိတ်မှောက်ခဲ့ကြသည်။ ပတ္တနိက္ကုဇနဟုခေါ်ဆိုပြီး စစ်အစိုးရကလှူဒါန်းသော ပစ္စည်းလေးပါးကို ရဟန်းသံဃာတော်များက လက်မခံဆိုသည့်အဓိပ္ပာယ်ဖြစ်သည်။ ယင်းမှာစစ်အစိုးရက တောင်းပန်ရုံနှင့်ကျေအေး၍မရဘဲ သံဃာတော်များက ကမ္မ၀ါဖတ်မှသာ ကျေအေးခွင့်ရှိမည်ဖြစ်သည်။

စက်တင်ဘာ ၂၄ ရက်
ကုန်ဈေးနှုန်းကျဆင်းရေးမှသည် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးတို့အတွက်ပါ တောင်းဆိုလာခဲ့သော ရွှေဝါရောင်တော်လှန်ရေးထဲ ပြည်သူများကပါ ပူးပေါင်းပါဝင်လာခဲ့ကြသည်။ ယင်းနေ့ညနေပိုင်းတွင် ညမထွက်ရအမိန့်ကို ရန်ကုန်မြို့၌ထုတ်ပြန်ခဲ့ပြီး ရဟန်းသံဃာတော်များနှင့်အတူ ပါဝင်ပါက မည်သူမဆို ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း အစိုးရကကြေညာခဲ့သည်။

စက်တင်ဘာ ၂၅ ရက်
“လုံးစုံများစွာသတ္တ၀ါ ဘေးရန်ခပ်သိမ်း ကင်းငြိမ်းပါစေ”

ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်၊ ရန်ကုန်မြို့လမ်းမများပေါ်မှ သံဃာတော်များ၊ သီလရှင်များ၏ မေတ္တာပို့သံများဖြင့် စီတန်းလှည့်လည်မှုကို ကျောင်းသား၊ အလုပ်သမား၊ အလွှာအသီးသီးမှ ပါဝင်သော ပြည်သူများက ၀ဲယာကိုယ်စီဝိုင်းရံပေးခဲ့ကြသည်။ ယင်းနေ့ထုတ် အစိုးရသတင်းစာများတွင် သွေးဆူနေသော သံဃာတော်များသည် နိုင်ငံတော်တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မလိုမုန်းထားနေသူများဖြစ်သည်ဟု ပြစ်တင်ရေးသားလာကြသည်။

စက်တင်ဘာ ၂၆ ရက်
စစ်အစိုးရက ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြသော ရဟန်းသံဃာတော်များ၊ ကျောင်းသား၊ ပြည်သူများကို အင်အားသုံး အကြမ်းဖက်နှိမ်နင်းခဲ့ကြသည်။

“ဒိုင်းဒိုင်း...ဒက်ဒက်ဒက်”

ရွှေတိဂုံဘရား အရှေ့ဘက်မုခ်၌ ပေါက်ကွဲနေသော မီးခိုးဗုံးများကြားတွင် စစ်တပ်နှင့် လုံထိန်းတို့က ဆန္ဒပြနေသူများကို တရစပ်ပစ်ခတ်နေခြင်းဖြစ်သည်။ ထို့နောက်တွင်မူ ရန်ကုန်မြို့အနှံ့အပြားတွင် သေနတ်သံများဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ စစ်တပ်၊ လုံထိန်းတို့က လမ်းမပေါ်ရှိ မြင်တွေ့သမျှ လူသူအားလုံးကို ရိုက်နှက်ဖမ်းဆီး၍ စစ်ကားများပေါ် တင်ဆောင်ဖမ်းဆီးသွားခဲ့ကြသည်။

ယခင်စည်ကားနေကျ ရန်ကုန်ပလက်ဖောင်းများမှာ တစပြင်လိုတိတ်ဆိတ်သွားခဲ့သည်။ ယင်းနေ့ ညဥ့်နက်ပိုင်းတွင် ငွေကြာရံကျောင်းတိုက်မှစတင်၍ သာသနာသိပ္ပံ၊ မိုးကောင်း၊ မင်္ဂလာရာမ
စသည့်ကျောင်းတိုက်များကို စစ်တပ်၊ လုံထိန်း၊ စွမ်းအားရှင်တို့က ဆက်တိုက်ဝင်ရောက် အကြမ်းဖက်ဖမ်းဆီးခဲ့သည်။

“သူပုန်စခန်းဝင်စီးသလိုပဲ ပြီးရင်စစ်သားက သေနတ်နဲ့ချိန်တယ်။ စွမ်းအားရှင်က တုတ်နဲ့ရိုက်တယ်။ လက်ပြန်ကြိုးတုပ်တယ်။ ခေါင်းမော့ကြည့်ရင် ခြေထောက်နဲ့ကန်တယ်”ဟု ဦးအာစရကမိန့်ကြားသည်။

စက်တင်ဘာ ၂၇ ရက်
ဆန္ဒဖော်ထုတ်ခဲ့ကြသော သိန်းနှင့်ချီသည့် ပြည်သူများ၊ သောင်းနှင့်ချီသော သံဃာတော်များ၊ ရန်ကုန်မြို့လယ်တွင် ပြည့်နှက်နေသည်။ မကြာမီတွင် စစ်တပ်၏ ရက်စက်ဖြိုခွင်းမှုအောက်၌ ၀ရုန်းသုန်းကား လူစုကွဲသွားခဲ့ကြသည်။ ယင်းနေ့တွင် ဂျပန်လူမျိုး ဓာတ်ပုံသတင်းထောက် ခန်းဂျီနာဂအီ (Kenji Nagai)သည် စစ်တပ်၏ပစ်ခတ်မှုကြောင့် ဆူးလေဘုရားလမ်းအနီး သေဆုံးခဲ့ရသည်။

“ကျွန်တော်က မျက်နှာချင်းဆိုင်တိုက်လှေကားမှာ ချောင်းကြည့်နေတာ စစ်ကားသုံးစီးမြောက်ရောက်တော့မှ ကားပေါ်ကနေပစ်တာ။ လူတွေကလည်းပြေး၊ ဂျပန်ကြီးကလဲကျသွားတာ ဂျပန်ကို စစ်သားသုံးယောက်လောက်က ဆွဲခေါ်သွားတယ်”ဟု ဂျပန်ဓာတ်ပုံသတင်းထောက်သေဆုံးမှုကို မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ခဲ့ရသော အသက်(၂၆)နှစ်အရွယ် အမျိုးသားတစ်ဦးက ထိုစဉ်က သူ့အတွေ့အကြုံကို ပြန်ပြောင်းပြောသည်။

စက်တင်ဘာ ၂၈ ရက်
စစ်တပ်၏ ရက်စက်စွာနှိမ်နင်းမှုကြောင့် ရွှေဝါရောင်တော်လှန်ရေးမှာ အားမတန်မာန်လျှော့ခဲ့ရပြီဖြစ်သည်။ သေနတ်သံများ၊ သံဆူးကြိုးအောက်တွင် သံဃာတော်များနှင့် ပြည်သူများတို့မှာ လမ်းမများပေါ်တွင် ခပ်ကျဲကျဲသာကျန်တော့သည်။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ သံဃာတော်များ၊ ကျောင်းသား၊ ပြည်သူ စုစုပေါင်းသုံးထောင်နီးပါး ဖမ်းဆီးခံခဲ့ရသည်။ ရန်ကုန်မြို့တစ်မြို့တည်းမှာပင် ငါးဆယ်နှင့်တစ်ရာကြား သေဆုံးခဲ့ကြောင်း နိုင်ငံတကာမီဒီယာများနှင့် ကိုယ်တွေ့ပါဝင်ခဲ့သူများ၏ ခန့်မှန်းချက်အရ သိရှိရသည်။

ဖမ်းဆီးသွားခဲ့သော သံဃာတော်များကိုလည်း လူဝတ်အတင်းအကျပ်လဲစေ၍ ပုဒ်မမျိုးစုံတပ်ကာ နှစ်ရှည်ထောင်ဒဏ်ချမှတ်ခဲ့ကြသည်။

“ပုဆိုးမ၀တ်တတ်တော့ သင်းပိုင်လိုလိပ်ပြီးတင်ရတယ်။ စွပ်ကျယ်လက်ပြတ်ကို ရှေ့နောက်မသိဘူး”ဟု ထောင်ဒဏ်ရှစ်နှစ်နှင့် ခြောက်လချမှတ်ခြင်းခံခဲ့ရသော ငွေကြာရံကျောင်းတိုက်မှ ဦးဇေနေယျကပြောသည်။

အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့သော၊ ဒီမိုကရေစီအရေးအတွက် ကမ္ဘာကျော်ခဲ့သော ရွှေဝါရောင်တော်လှန်ရေးမှာ စက်တင်ဘာ ၁၈ ရက်တွင် ခြောက်နှစ်မြောက်ခဲ့ပြီဖြစ်သည်။ ရွှေဝါရောင်တွင် ပါဝင်ခဲ့ကြသော သံဃာတော်များ၊ ပြည်သူများက ၂၀၀၇ တော်လှန်ရေးစိတ်ဓာတ်ခံယူချက်ကို စွဲကိုင်၍ ဒီမိုကရေစီအရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဟုဆိုသည်။

“အပြစ်ပေးတာတွေ အရေးယူတာတွေထား၊ ဦးဇင်းတို့က သံဃာတွေဆိုတော့ တရားဝင်ဝန်ချတောင်းပန်ရင် ကျေနပ်တယ်”ဟု ၂၀၀၇ ရွှေဝါရောင်အရေးအခင်းတွင် ရွှေတိဂုံဘရားအရှေ့ဘက်မုခ်၌ အကြမ်းဖက်နှိမ်နင်းခံရမှုကြောင့် ဦးခေါင်းတွင်ဒဏ်ရာရရှိခဲ့သော ဦးဃောသိတကမိန့်ကြားသည်။ ။

ရေးသားသူ- အောင်ခိုင်၊ ရန်မျိုးနိုင်
7Day News Journal