Home » » ရန်ကုန်တွင် စင်ကာပူကုမ္ပဏီ လျှပ်စစ်ထုတ်လုပ် ရောင်းချမည်

ရန်ကုန်တွင် စင်ကာပူကုမ္ပဏီ လျှပ်စစ်ထုတ်လုပ် ရောင်းချမည်

Written By Unknown on Monday, September 16, 2013 | 1:26 AM

ရန်ကုန်၊ စက်တင်ဘာ ၁၄

စင်ကာပူနိုင်ငံအခြေစိုက် UPP Power ကုမ္ပဏီသည် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ ရွာမ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံ ဝင်းအတွင်းတွင် အကောင်အထည် ဖော်နေသော သဘာဝဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ စီမံကိန်းမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရောင်းချခွင့်ကို စက်တင်ဘာလ ၁၁ ရက်နေ့က ရရှိကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံမှ သိရသည်။

အဆိုပါ ဓာတ်အားပေး စက်ရုံစီမံကိန်းမှ လျှပ်စစ်ဓာတ်အား စီးပွားဖြစ် ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်းများကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် စတင်ပြုလုပ်နိုင်ရန် ရည်ရွယ်ထားကြောင်း အဆိုပါ ကုမ္ပဏီ၏ ထုတ်ပြန်ချက်များအရ သိရသည်။

စင်ကာပူအခြေစိုက် UPP Holdings နှင့် UPP Greentech တို့ ပူးပေါင်း ရင်းနှီးမြှုပ်နှံထားသော UPP Power (Myanmar) သည် ရွာမလျှပ်စစ် ဓာတ်အားပေး စက်ရုံဝင်း အတွင်းတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ် ရောင်းချခြင်းလုပ်ငန်း လုပ်ကိုင်ရန် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

UPP Holdings ကုမ္ပဏီသည် အဆိုပါ လျှပ်စစ် ဓာတ်အားပေးလုပ်ငန်း လုပ်ကိုင်ရန်အတွက် ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းက ရွာမဓာတ်အားပေး စက်ရုံတွင် ၅၀ မဂ္ဂါဝပ် လျှပ်စစ်ဓာတ်အားပေး စက်ရုံကို BOT စနစ်ဖြင့် တည်ဆောက် လုပ်ကိုင်ရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးပြီး စတင်လုပ်ကိုင်ခဲ့ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန်ထားသည်။

BOT စနစ်ဖြင့် နှစ် ၃၀ ကြာ လုပ်ကိုင်ခွင့် ရရှိထားသော အဆိုပါ လျှပ်စစ် ဓာတ်အားပေး စက်ရုံသစ် စီမံကိန်းကို UPP Holdings ကုမ္ပဏီနှင့် မြန်ရွှေပြည် ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းအကောင် အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်သည်။

The Voice Weekly