အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ အရှေ့ ဥရောပ ၃နိုင်ငံ ခရီးစဉ်အဖြစ် စက်တင်ဘာ ၁၀ ရက်နေ့မှာ ပိုလန်နိုင်ငံကို စတင် သွားရောက်မှာဖြစ်တယ်လို့ ပါတီက သတင်းထုတ်ပြန်ပါတယ်။
ရန်ကုန်-ဘန်ကောက်ကတဆင့် ဇူးရစ်ကနေ ပိုလန်နိုင်ငံ ဝါဆောမြို့ကို သွားရောက်မှာ ဖြစ်ပြီး ပိုလန်သမ္မတ၊ ဝန်ကြီးချုပ်၊ အထက်နဲ့အောက် လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံမှာပါ။
ဒီနောက် ဝါဆောတက္ကသိုလ်မှာ စီးပွားရေး၊ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဟောပြောဖို့ ရှိပါတယ်။ ပိုလန်ခရီးစဉ်အပြီး ဟန်ဂေရီ ဘူဒါပတ်စ်ကို သွားရောက်မှာ ဖြစ်ပြီး ဟန်ဂေရီ သမ္မတ လွှတ်တော် ဥက္ကဋ္ဌ တွေနဲ့ တွေ့ဆုံမှာ ဖြစ်သလို ဟန်ဂေရီ ကော်ဗင်းနပ်စ် တက္ကသိုလ်မှာ တော်လှန်ရေးမှ ပြန်လည် တည်ဆောက်ရေးသို့ ခေါင်းစဉ်နဲ့ ဟောပြောမှာ ဖြစ်ပါတယ်။
စက်တင်ဘာ ၁၅ မှာတော့ ချက်သမ္မတ နိုင်ငံကို သွားရောက်မှာ ဖြစ်ပြီး ဖိုရမ် ၂၀၀၀ ဖွင့်ပွဲမှာ ကွယ်လွန်သူ ချက်ခေါင်းဆောင်ဟောင်း ဗားကလပ် ဟာဗဲလ်ကို သတိရခြင်းနဲ့ မြန်မာအပြန်အလှန် နှိုးဆော်မှု ခေါင်းစဉ်နဲ့ ဟောပြော ဖို့ရှိပါတယ်။
စက်တင်ဘာ ၁၇ ရက်မှာတော့ ဥရောပခရီးစဉ်ကို အဆုံးသတ်ပြီး မြန်မာကို ပြန်လည်ထွက်ခွာမှာဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဒေါက်တာ တင်မာအောင်၊ ဒေါက်တာ မျိုးအောင်နဲ့ ဦးစိုးဝင်းတို့ လိုက်ပါသွားမယ်လို့ သတင်းထုတ်ပြန်ပါတယ်။
by ဒီဗွီဘီ