Home » » တည်ဆဲဥပဒေများ ပြန်ပြင်သင့်ရင် ပြင်ရမယ်လို့ ဦးရွှေမန်းထပ်ပြော

တည်ဆဲဥပဒေများ ပြန်ပြင်သင့်ရင် ပြင်ရမယ်လို့ ဦးရွှေမန်းထပ်ပြော

Written By Unknown on Thursday, September 12, 2013 | 5:13 AM

မြန်မာနိုင်ငံမှာ လက်ရှိပြဌာန်းထားတဲ့ တည်ဆဲ ဥပဒေတွေဟာ ခေတ်စနစ်နဲ့ လိုက်လျောညီထွေမှု မရှိဘူးဆိုရင် ပြင်ဆင်သင့်တာကို ပြင်ဆင်ဖို့နဲ့ အသစ်ရေးဆွဲဖို့လိုအပ်ရင်လည်း အသစ်ရေးဆွဲဖို့ သူ့အနေနဲ့ တာဝန်ရှိတယ်လို့ ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက ဒီကနေ့ ထပ်လောင်းပြောကြားလိုက်ပါတယ်။

မြိတ်မြို့ကမ်းနားလမ်းမှာရှိတဲ့ ဇွဲရတနာခမ်းမမှာ ဒီနေ့ ဒေသခံတွေနဲ့ တွေ့ဆုံစဉ် သူရဦးရွှေမန်းက ပြောခဲ့တာပါ။

ခေတ်စနစ်နဲ့ ကိုက်ညီတဲ့ ဥပဒေတွေပြဌာန်းဖို့ဆိုရင် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက် တင်ပြချက်တွေနဲ့တင် မလုံလောက်ဘဲ ပြည်သူတွေရဲ့ “အသံ” ကိုလည်း ထည့်သွင်းစဉ်းစားနိုင်မှ နိုင်ငံနဲ့နိုင်ငံသားတွေရဲ့ အကျိုးစီးပွားကို ဖြစ်ထွန်းစေမယ့်ဥပဒေတွေ ပြဌာန်း နိုင်မယ်လို့ သူကပြောပါတယ်။

ဒါ့အပြင် ၂ဝ၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲအပြီးနောက်ပိုင်း ပြည်တွင်းနဲ့ ပြည်ပကအဖွဲ့အစည်းတွေ လွှတ်တော်ကို လာရောက်လေ့လာကြသူတွေ ပိုများလာတယ်လို့လည်း ပြောပါတယ်။ သူရဦးရွှေမန်းဟာ မနေ့က ကော့သောင်းမြို့မှာ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့သလို ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ ရက်နေ့ကလည်း ထားဝယ်ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

RFA Burmese