Home » » လုယက်မှုများလာသဖြင့် ပုဂံ၊ ညောင်ဦးတွင် အမျိုးသမီး Tourism Police ၃၀ ကျော် ထပ်တိုးချ

လုယက်မှုများလာသဖြင့် ပုဂံ၊ ညောင်ဦးတွင် အမျိုးသမီး Tourism Police ၃၀ ကျော် ထပ်တိုးချ

Written By Unknown on Wednesday, August 14, 2013 | 10:19 PM

မန္တလေး၊ သြဂုတ်၁၃

မြန်မာ့ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေတစ်ခုဖြစ်သော ပုဂံ၊ ညောင်ဦး ဒေသတွင် လုယက်မှု များလာသဖြင့် နိုင်ငံခြား ခရီးသွားများ၏ လုံခြုံရေးအတွက် ယခု သြဂုတ်လဆန်းပိုင်းခန့်အထိ အမျိုးသမီး Tourism Police ၃၂ ဦးကို ထပ်တိုးတာဝန်ချ ထားပေးကြောင်း ပုဂံဧည့်လမ်းညွှန်အသင်း ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက ပြောကြားသည်။

ယင်းဒေသတွင် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ကာ Tourism Police ၃၀ ဦးခန့် ထားရှိခဲ့ရာမှ ပုဂံဧရိယာသည် ကျယ်လွန်းသည့်အတွက်ကြောင့် နိုင်ငံခြားဧည့်သည် များ၏ ပစ္စည်း လုယက်မှုများ ယခုနှစ်ပိုင်းတွင် မကြာခဏ ဖြစ်ပေါ်နေသည့်အတွက် Tourism Police အင်အားများကို ယခုကဲ့သို့ တိုးချဲ့ထားခြင်းဖြစ်ပြီး ထပ်တိုးအရေအတွက်နှင့် ဆိုပါက လက်ရှိတွင် စုစုပေါင်း Tourism Police ၆၂ ဦး ရှိကြောင်း ၄င်းကဆက်လက် ပြောကြားသည်။

"ယောက်ျားလေးဦးရေက ၃၀၊ အခု မိန်းကလေး ၃၂ယောက်ကို ထပ်အင်အား ဖြည့်လိုက်တာပါ။ မိန်းကလေးအင်အား တိုးလိုက်တာက နိုင်ငံခြားသူ အလုခံရတာတွေ များလာတယ်။ မိန်းကလေးတွေအချင်းချင်း ဆိုတော့ ပိုပြီးအဆင်ပြေတယ်။ မျှပြီး ကူနိုင်တာပေါ့" ဟု ဦးဇော်ဝင်းချိုက ဆိုသည်။

အဆိုပါ Tourism Police များ သည် နေ့စဉ် ည၁၀နာရီအထိ လှည့်ကင်း များလှည့်လည် ဆောင်ရွက်ခြင်း၊ မြို့မိမြို့ဖများ၊ ခရိုင်မြို့နယ် တာဝန်ရှိသူများ၊ ခရီးသွား လုပ်ငန်းရှင် များနှင့် ခရီးသည်ကြိုပို့ ဆောင်ရွက် နေသည့် မြင်းလှည်းမောင်းသူများနှင့် လုယက်မှု မဖြစ်ပွားစေရန် ဝိုင်းဝန်း ဆောင်ရွက်နေကြောင်း ၄င်းကထပ်မံပြောကြားသည်။

အဆိုပါဒေသတွင် နိုင်ငံခြား ဧည့်သည်များ၏ ပစ္စည်းအလုခံရခြင်းမှာ လူမရှိသည့် နေရာများတွင် စက်ဘီးဖြင့် တစ်ဦးတည်းသွားလာခြင်း၊ လမ်းပျောက်နေခြင်း တို့ကြောင့် ၄င်းတို့၏ ပစ္စည်းများ လုယက်ခံရခြင်း ဖြစ်ကြောင်း ပုဂံမြို့တွင် နှစ် ၃၀ကြာ မြင်းလှည်းမောင်းသူတစ်ဦးက ပြောကြားသည်။

၂၀၁၃ ခုနှစ်အတွင်း သြဂုတ်လအထိ ပုဂံဒေသတွင် နိုင်ငံခြားသား လုယက်ခံရမှု ခုနစ်မှု ဖြစ်ပွားခဲ့ပြီး နှစ်မှုကို တရားခံ ဖော်ထုတ်စစ်ဆေးနိုင်ခဲ့ကာ ကျန်ငါးမှုကို အမှုဖွင့် စုံစမ်းစစ်ဆေးလျက် ရှိကြောင်း ပုဂံ ဧည့်လမ်းညွှန်အသင်း ဥက္ကဋ္ဌ ဦးဇော်ဝင်းချို က ပြောကြားသည်။

ညောင်ဦးမြို့နယ် အနော်ရထာလမ်းမကြီး တောင်ဘက်အနီးရှိ ဆူးလေကုန်းဘုရား အနီးတွင် သြဂုတ်လ ၃ရက်နေ့ ညနေ ၆နာရီ ၅၀မိနစ်ခန့်က ပြင်သစ် နိုင်ငံသူတစ်ဦး၏ ခါးပတ်အိတ်ကို ဆွဲယူ ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း ညောင်ဦး ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly