Home » » အမေရိကန် Money Gram ငွေလွှဲ ကုမ္ပဏီ ဝန်ဆောင်မှု စတင်

အမေရိကန် Money Gram ငွေလွှဲ ကုမ္ပဏီ ဝန်ဆောင်မှု စတင်

Written By Unknown on Wednesday, August 28, 2013 | 5:42 PM

နိုင်ငံပေါင်း ၇၉ နိုင်ငံတွင် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်နေသည့် အမေရိကန် ငွေလွှဲကုမ္ပဏီ Money Gram က မြန်မာနိုင်ငံသို့ ပြည်ပမှ ငွေ လွှဲသော ဝန်ဆောင်မှုကို စတင်ကြောင်း ကုမ္ပဏီ ဒုတိယ ဥက္ကဋ္ဌ Sr.Grant Lines က ပြောကြားသည်။

အဆိုပါ ကုမ္ပဏီက နိုင်ငံတကာ ငွေလွှဲ ဝန်ဆောင်မှု လုပ်ငန်းများ ကို ပြည်တွင်းဘဏ် AGD (အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်) နှင့် ပူးပေါင်း ဆောင်ရွက်ရန် သြဂုတ်လ ၂၇ ရက်နေ့တွင် ဆီဒိုးနား ဟိုတယ်၌ သဘောတူညီ လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

နှစ်ဖက် သဘောတူညီချက်အရ နိုင်ငံ တစ်ဝန်းရှိ AGD ဘဏ်၏ ဘဏ်ခွဲပေါင်း ၃၀ နှင့် နိုင်ငံခြားငွေ လဲလှယ် ရောင်းဝယ်ရေး စင်တာ ၁၇ ခုတို့တွင် Money Gram က ငွေလွှဲ ဝန်ဆောင်မှု ဆောင်ရွက် မည် ဖြစ်ကြောင်း Sr.Grant Lines က ပြောကြားသည်။

ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြည်တွင်းသို့ ငွေလွှဲရာတွင် ကြုံတွေ့နေ ရသည့် အခက်အခဲများကို ဖြေရှင်းရန် မိနစ်ပိုင်းအတွင်း နေရာဒေသ မရွေး ငွေလွှဲနိုင်ရန် ရည်ရွယ်၍ ယင်းသို့ ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း AGD ဘဏ် ဥက္ကဋ္ဌ ဦးသန်းရီက ပြောကြားသည်။

Money Gram သည် နိုင်ငံပေါင်း ၇၉ နိုင်ငံတွင် ဝန်ဆောင်မှု လုပ်ငန်း များ ဆောင်ရွက်နေသဖြင့် မြန်မာနိုင်ငံသို့ ငွေလွှဲလိုသူများ ယင်းနိုင်ငံပေါင်း ၇၉ နိုင်ငံမှ Money Gram ၏ ကွန်ရက်များကို အသုံး ပြု၍ ပြည်တွင်းသို့ ငွေ လွှဲနိုင်မည် ဖြစ်ကြောင်း Money Gram မှ ဈေးကွက် ရှာဖွေရေး ဒါရိုက်တာ Ms.Sabrina Chan က The Voice သို့ ပြောကြားသည်။

NASDAQ ကုန်စည် ဈေးကွက် စာရင်းဝင် Money Gram ကုမ္ပဏီ သည် ငွေတောင်းခံလွှာ ပေးချေမှုနှင့် ငွေလွှဲ ဝန်ဆောင်မှု လုပ်ငန်း ကို နိုင်ငံပေါင်း ၂၀၀ ကျော်ရှိ ဘဏ္ဍာရေး အဖွဲ့အစည်းများ၊ နိုင်ငံတကာ စာတိုက်များ၊ အသေးစား ငွေကြေး လုပ်ငန်းများနှင့် ချိတ်ဆက် ဆောင်ရွက်နေသည်။

The Voice Weekly