Home » » ကလေးငယ်များ ကော်ရှူမှု အများဆုံး တွေ့ရသည်မှာ ရန်ကုန်တိုင်းတွင် ဖြစ်ကြောင်း MANA ဥက္ကဋ္ဌ ပြော

ကလေးငယ်များ ကော်ရှူမှု အများဆုံး တွေ့ရသည်မှာ ရန်ကုန်တိုင်းတွင် ဖြစ်ကြောင်း MANA ဥက္ကဋ္ဌ ပြော

Written By Unknown on Wednesday, August 21, 2013 | 5:21 PM

ကလေးငယ်များ ကော်ရှူမှု အများဆုံးတွေ့ရှိရသည်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ဖြစ်ကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်း (MANA) ဥက္ကဋ္ဌက သြဂုတ်လ၂၀ရက်တွင် ရန်ကုန်မြို့ရှိ ၎င်းတို့ရုံးတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ရန်ကုန်တိုင်းအတွင်းရှိ ကျောင်းနေအရွယ် ကလေးငယ်များသည် အလွယ်တကူ ရနိုင်သော ပိုက်ဆက်ကော်၊ တင်ဒါနှင့် လူသုံးကုန်ပစ္စည်းများမှ ရနိုင်သော ကော်များကို အလွယ်တကူ ရှာဖွေရရှိနိုင်သဖြင့် ကော်ရှူခြင်းကို လူမြင်ကွင်းများတွင် ပေါ်ပေါ်ထင်ထင် ပြုလုပ်လာကြကြောင်း မြန်မာနိုင်ငံ မူးယစ်ဆေး ၀ါးဆန့်ကျင်ရေး အသင်း ဥက္ကဋ္ဌ ဦးခင်မောင်ထွန်းက ပြောကြားလိုက်ခြင်း ဖြစ်သည်။

၎င်းက “အနာဂတ်နိုင်ငံတော်ကို လွှဲပြောင်းယူမယ့် လူငယ်တွေအနေနဲ့ အခုလို မူးယစ်စေတဲ့ဆေးဝါးတွေကို သုံးစွဲနေကြတာဟာ မတွေးဝံ့စရာပါပဲ။ ကော်ရှူတာကို ဥပဒေတစ်ရပ်အနေနဲ့ အရေးယူလို့ မရကြတဲ့အတွက် ကော်ရှူတာကို ကလေးငယ်တွေ ပိုပြီးလုပ်ကြတာ”ဟု ဆိုသည်။

ရန်ကုန်တိုင်းအတွင်း ကလေးငယ်များ ကော်ရှူမှု များပြားလာသော်လည်း မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းအနေဖြင့် ကော်ရှူခြင်းကို အတိအကျစာရင်းကောက်ယူထားခြင်း မရှိဟုလည်းဆိုသည်။

သို့သော် လူငယ်များ မူးယစ်ဆေးနှင့် ပတ်သက်သည့် အကျိုးဆက်များ သိရှိနိုင်ရန် အခြေခံပညာ စာသင်ကျောင်းများတွင် မူးယစ်ပညာပေးခြင်း၊ မူးယစ်ဆေးဝါး၏ နောက်ဆက်တွဲ အကျိုးဆက်များကို ပညာပေး ဟောပြောပွဲများ၊ စာတမ်းဖတ်ပွဲများ၊ စာစီစာကုံးပြိုင်ပွဲများကို ပြုလုပ်ပေးကြောင်း MANA အဖွဲ့၏ ထုတ် ပြန်ချက်များအရ သိရှိရသည်။

မူးယစ်ဆေးစွဲသူများကို ဆေးဖြတ်ပေးသော လူငယ်အားမာန်အဖွဲ့မှ အဖွဲ့ခေါင်းဆောင် ဦးလှထွန်းမျိုးက “အင်းလျားကန်ဘောင်မှာ ကော်ဘူးလေးကိုင်ပြီး ကော်ရှူဖို့ လုပ်နေတဲ့ ကလေးတွေကို တွေ့ဖူးတယ်။ ကလေးငယ်ကိုခေါ်ပြီး မူးယစ်အကြောင်း ရှင်းပြပေးဖို့လုပ်တော့ ကလေးက ထွက်ပြေးသွားတယ်။ ကျောင်းမနေရတဲ့ ကလေးတွေ၊ လမ်းဘေးကလေးတွေအတွက် ပညာပေးဖို့ အခက်ခဲရှိတယ်”ဟု သူ၏ အမြင်ကို သုံးသပ်ပြောဆိုသည်။

ယင်းကဲ့သို့ ကလေးငယ်များ ကော်ရှူမှုများနှင့် ပတ်သက်၍ ကလေးချစ်သူများကွန်ရက် ဦးဆောင်အဖွဲ့ဝင် ကိုကောင်းထက်ကျော်ကလည်း “လူငယ်ဆိုတာ အနာဂတ်ရဲ့ ခေါင်းဆောင်တွေပါ။ အရာရာကို သင်ယူတဲ့ အရွယ်မှာ ဆေးလိပ်သောက်တာ အ၀တ်စား ၀တ်တာကစ အတုခိုးလွယ်တယ်။ အဲတော့ လူငယ်တွေရှေ့မှာ အတုမှားယူမယ့် အပြုအမူတွေကို လူကြီးတွေက ရှောင်ရှားပေးရမယ်။ နောက်ပြီး ဒီလို အနာဂတ်လူငယ်တွေ မူးယစ်ဆေးနဲ့ အနီးစပ်ဆုံးဖြစ်နေတာကို တာဝန်ရှိသူတွေက ပညာပေးထိန်းသိမ်းသင့်တယ်” ဟု ဆိုသည်။

ကော်ရှူခြင်းနှင့် ပတ်သက်ပြီး ဇူလိုင် ၄ ရက်က ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော်၊ သတ္တမ ပုံမှန် အစည်းအဝေးတွင် ထီးချိုင့်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးစိုးစိုးက “လူငယ်အချို့ ကော်ရှူခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနက ဥပဒေပေါ် ထွက်ရေး ဆောင်ရွက်သွားမည့် အစီအစဉ် ရှိမရှိ” မေးမြန်းခဲ့ဖူးသည်။

ယင်းမေးခွန်းတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကလည်း ဆွေးနွေးခဲ့ရာ အဆိုပါကိစ္စကို နိုင်ငံတော် သမ္မတထံကို သ၀ဏ်လွှာပေးပို့သွားမည်ဖြစ်ပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ကိုလည်း အကြောင်းကြားဆောင်ရွက်မည်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

ယင်းမေးခွန်းကို ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဝင်းမြင့်က ဖြေကြားခဲ့ရာ လက်ရှိ အချိန်တွင် ကော်ရှူခြင်းကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူနိုင်မည်မဟုတ်ကြောင်း ဖြေကြားခဲ့ပြီး ကော်ရှူသုံးစွဲမှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ ၀န်ကြီးဌာန များနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်း၍ ပညာရှင်များ၏ အကြံပြုချက်နှင့် လိုအပ်သော အမိန့်
ကြော်ညာစာများကို အမြန်ဆုံး ရေးဆွဲဆောင်ရွက်ပေးသွားမည် ဖြစ်သည်ဟု ဖြေကြားခဲ့သည်။

ဖိုးစိုးသူ
Mizzima - News in Burmese