Home » » ယခုနှစ်အတွင်း GSM ဖုန်းလိုင်း ၄ သန်း ချထားပေးနိုင်ရေး လျာထား

ယခုနှစ်အတွင်း GSM ဖုန်းလိုင်း ၄ သန်း ချထားပေးနိုင်ရေး လျာထား

Written By Unknown on Monday, August 19, 2013 | 8:29 PM

ယခုနှစ်အတွင်း GSM ဖုန်း စုစုပေါင်း ၄ သန်း ချထားပေးနိုင်ရေး လျာထားကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“လက်ရှိ GSM ဖုန်းတွေက MEC CDMA 800MHz ဖုန်းတွေချထားပြီးနောက်ပိုင်းပဲ ချထားပေးရသေးတယ်။ စုစုပေါင်း နှစ်သိန်းပဲရှိပါသေးတယ်” ဟု ၎င်းတာဝန်ရှိသူက ပြောကြားသည်။ ယခုနှစ်အတွင်း GSM ဖုန်းလိုင်း ၄ သန်း ချထားပေးနိုင်မည့် လျာထားချက်ကို အကောင်အထည်ဖော်ဆောင်ရွက်နေဆဲဖြစ်ပြီး ပြည့်မီ၊ မမီဆိုသည်ကို ပြောပြရန်စောသေးကြောင်း ဆက်လက်ပြောကြားသည်။ “GSM စီမံကိန်းက ဒီနှစ်အတွက် မတ်လအထိ အကျုံးဝင်မှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

ယခုနှစ်အတွက် GSM ဖုန်းများကို ဇူလိုင်လမှစတင်ကာ ချထားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၁၅၀၀ တန် တန်ဖိုးနည်းဖုန်းအဖြစ် ချထားပေးခြဲ့ခင်းဖြစ်သည်။ ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစီအစဉ်အဖြစ် တယ်လီဖုန်းခေါ်ဆိုခ ၃၀၀ ကျပ် ကြိုတင်သွင်းထားသော CDMA 800MHz (MEC Tel) မိုဘိုင်းဖုန်းလိုင်းတစ်သိန်းခွဲနှင့် GSM မိုဘိုင်းဖုန်းလိုင်း နှစ်သိန်း၊ စုစုပေါင်း သုံးသိန်းခွဲကို Sim Card တစ်ခုအတွက်၁၅၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက ကြေညာခဲ့သည်။

ယခုလအတွက်ချထားပေးမည့် GSM တယ်လီဖုန်းလိုင်းအရေအတွက်ကို လက်ရှိအချိန်အထိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်၏ ဆက်သွယ်ရေးနှင့် အိုင်စီတီကဏ္ဍ ဖြွံ့ဖိုးတိုးတက်ရေးအတွက် ယင်းကဏ္ဍအတွင်းရှိ ပြည်တွင်းပြည်ပမှ ဝန်ဆောင်မှုပေးသူများအား ယှဉ်ပြိုင်မှုပြုစေခြင်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားရန် မူဝါဒချမှတ်ထားကြောင်း၊ ၎င်းမူဝါဒ၏ အဓိကရည်မှန်းချက်မှာ တယ်လီဖုန်းသိပ်သည်းဆအား၂၀၁၅-၂၀၁၆ တွင် ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းသို့ မြှင့်တင်နိုင်ရန်ဆက်သွယ်ရေး ဝန်ဆောင်မှုများကို အများပြည်သူမှ သက်သာသည့်နှုန်းထားဖြင့် ရရှိနိုင်စေရန်နှင့် စိတ်ကြိုက်ရွေးချယ်အသုံးပြုနိုင်စေရန်ဖြစ်သည်ဟု Telecommunication Operator တင်ဒါစိစစ်ရေးကော်မတီက ကြေညာချက်တစ်ရပ်တွင်ဖော်ပြခဲ့သည်။ လက်ရှိ မြန်မာနိုင်ငံတစ်ဝှမ်း ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအား ပြောင်းလဲမည့် အများပိုင်ကုမ္ပဏီ၊ ရတနာပုံတယ်လီပို့ ကုမ္ပဏီလီမိတက်တို့နှင့်အတူ ပြည်ပအော်ပရေတာနှစ်ခုတို့က ဝန်ဆောင်မှုပေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

ထွန်းထွန်း

အင်တာနက် ဂျာနယ်