Home » » သမ္မတအရည်အချင်း သတ်မှတ်ချက် ထိထိရောက်ရောက် ပြုပြင်မည်ဟု သူရ ဦးရွှေမန်းဆို

သမ္မတအရည်အချင်း သတ်မှတ်ချက် ထိထိရောက်ရောက် ပြုပြင်မည်ဟု သူရ ဦးရွှေမန်းဆို

Written By Unknown on Saturday, August 17, 2013 | 11:26 AM

နေပြည်တော်၊ သြဂုတ် ၁၆

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းအချို့ က ပြင်ဆင်ပေးရန် တောင်းဆိုထား သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ သမ္မတ အရည်အချင်းဆိုင်ရာ အခန်းကို ထိထိရောက်ရောက် ပြုပြင်ပေး သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်း က ပြောကြားသည်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက သြဂုတ်လ ၁၆ ရက်နေ့ တွင် နေပြည်တော် လွှတ်တော်ရုံး၌ ပြုလုပ်သည့် သတင်းမီဒီယာ များနှင့် တွေ့ဆုံပွဲတွင် ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များကလည်း အခြေခံဥပဒေပါ သမ္မတ အရည်အချင်း သတ်မှတ်ချက်ကို ပြင်ဆင်ရန် အလေးထား လုပ်ဆောင်နေကြောင်း သူရ ဦးရွှေမန်းက ဆက်လက် ပြောကြားသည်။

အဆိုပါအချက်ကို ပြင်ဆင်ပေးရန် လွှတ်တော် ကိုယ်စားလှယ် တစ်ဦး တစ်ယောက်တည်းက ဆောင်ရွက်ရမည့်ကိစ္စ မဟုတ်ဘဲ အားလုံး ပူးပေါင်း ပါဝင်မှသာ ပြင်ဆင်နိုင်မည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သမ္မတ ရွေးချယ်ရေး အရည်အချင်း သတ်မှတ်ချက်တွေ ပြင်ဖို့က အခြေခံဥပဒေကို ပြင်ရမှာ။ အဲဒီအခြေခံဥပဒေ ပြင်ဖို့ ပြည်သူအားလုံးရဲ့ ဆန္ဒလိုတယ်” ဟု သူရဦးရွှေမန်းက ဆက်လက် ပြော ကြားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတ ဖြစ်လိုကြောင်း၊ သမ္မတ ဖြစ်နိုင်ရန် အခြေခံဥပဒေ ပြင်ဆင်ပေးရမည် ဖြစ်ကြောင်း ဇူလိုင်လ ၁၈ ရက်နေ့တွင် သူရဦးရွှေမန်းနှင့် ပူးပေါင်း ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆို ထားသည်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတနေရာ ဝင်ရောက် ယှဉ်ပြိုင်နိုင်ရန် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၃) နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတများ အရည်အချင်း သတ်မှတ်ချက် အခန်းကို ပြင်ဆင်ရမည် ဖြစ်ရာ အဆိုပါ ပြဋ္ဌာန်းချက်တွင် နိုင်ငံတော်သမ္မတသည် ‘မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘသော် လည်းကောင်း၊ ဇနီးသို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ သားသမီးများသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ သစ္စာခံ သို့မဟုတ် လက်အောက်ခံ မဖြစ်စေရ’ ဟု ဖော်ပြထားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် ဒီမိုကရေစီ အင်အားစုများ က တောင်းဆိုနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အတွက် အခြေခံဥပဒေ လေ့လာ သုံးသပ်ရေး ပူးပေါင်း ကော်မတီ ကို ပြည်ထောင်စုလွှတ်တော်က ဇူလိုင်လ အတွင်းတွင် တပ်မတော်သား ကိုယ်စားလှယ်များ အပါအဝင် အဖွဲ့ဝင် ၁၀၉ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။

The Voice Weekly