Home » » ဖွဲ့စည်းပုံသုံးသပ်ရေးကော်မတီ လုပ်ငန်းလမ်းညွှန်မူကြမ်း အတည်ပြု

ဖွဲ့စည်းပုံသုံးသပ်ရေးကော်မတီ လုပ်ငန်းလမ်းညွှန်မူကြမ်း အတည်ပြု

Written By Unknown on Friday, August 23, 2013 | 7:21 PM

ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ကော်မတီရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို နေပြည်တော်မှာ ဒီနေ့ပြုလုပ်ခဲ့ပြီး ကော်မတီရဲ့ လုပ်ငန်းလမ်းညွှန်မူကြမ်းကို ကော်မတီဝင် ၁၀၉ ဦးစလုံးက သဘောတူအတည်ပြုလိုက်ပါတယ်။

ကော်မတီဥက္ကဋ္ဌက  ကော်မတီအတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးတို့ကို ရွေးချယ်တာဝန်ပေးခဲ့ပြီး နှစ်ဦးလုံး အာဏာရပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်တွေချည်း ဖြစ်တယ်လို့ သိရပါတယ်။

ကော်မတီရဲ့ လေ့လာသုံးသပ်တွေ့ရှိချက်တွေကို ၂၀၁၃ခုနှစ်၊ ဒီဇင်ဘာလမတိုင်မီ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းကြမယ်လို့ ကော်မတီဝင် မကွေးတိုင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

ဖွဲ့စည်းပုံလေ့လာသုံးသပ်ရေးကော်မတီကို လွှတ်တော်ထဲရောက်နေတဲ့ ကိုယ်စားလှယ် အချိုးအစားအလိုက် ပြီးခဲ့တဲ့ လွှတ်တော်အတွင်း ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့ လေ့လာသုံးသပ် တင်ပြကြရမှာ ဖြစ်ပါတယ်။

ကော်မတီရဲ့ လုပ်ငန်းတွေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်လိမ့်မယ်၊ ဘာလို့လဲဆိုတော့ ကော်မတီဝင်တွေ အသီးသီးမှာ ဖွဲ့စည်းပုံပြင်ဖို့ ကြိုတင်လေ့လာချက်တွေ ကိုယ်စီရှိထားကြပြီး ဖြစ်တယ်လို့ ဦးအောင်ကြည်ညွန့်က ပြောပါတယ်။

by webteam  (ဒီဗွီဘီ)