Home » » တရားမဝင်အရက်နှင့် အခြားကုန်စည်များ ဆိပ်ကမ်းများတွင်တွေ့ရှိ

တရားမဝင်အရက်နှင့် အခြားကုန်စည်များ ဆိပ်ကမ်းများတွင်တွေ့ရှိ

Written By Unknown on Tuesday, August 20, 2013 | 4:00 PM

ရန်ကုန်၊ သြဂုတ် ၁၉

တရားမဝင် တင်သွင်းလာသည့် စကော့တလန်ဝီစကီနှင့် ထိုင်းနိုင်ငံထုတ် ဘီယာချမ်း အပါအဝင် ပစ္စည်းအမည်လွှဲ၊ အကောက်ခွန်မဲ့ တရားမဝင် ကုန်စည်ဝင်ရောက်မှု အမှုတွဲရှစ်ခုကို စစ်ဆေးတေ...ွ့ ရှိထားကြောင်း ရန်ကုန်ဆိပ်ကမ်းနယ်မြေ ရေကြောင်းလှုပ်ရှားအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးဝင်းလွင်က The Voice သို့ ပြောကြားသည်။

ရန်ကုန်ဆိပ်ကမ်းနယ်မြေအတွင်း တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအတွက် သြဂုတ်လ ၁၂ ရက်နေ့မှ သြဂုတ်လ ၁၇ ရက်နေ့အထိ ပညာပေးကာလအတွင်း တရားမဝင် ကုန်သွယ်မှု စစ်ဆေးတွေ့ရှိချက် ရှစ်ခုရှိပြီး ဗားကရာ ဆိပ်ကမ်းတွင် နှစ်ခု၊ ဝါးတန်းဆိပ်ကမ်းတွင် နှစ်ခု၊ ယုဇနဆိပ်ကမ်းတွင် နှစ်ခု၊ သာကေတနှင့် နန်းသီတာ ဆိပ်ကမ်းတို့တွင်တစ်ခုစီ တွေ့ရှိထားကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးရေးရာ ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ယင်းတရားမဝင် ကုန်စည်ဝင်ရောက်မှု စစ်ဆေးတွေ့ရှိချက်များကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်မည် ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးလည်းဖြစ်သူ ဦးဝင်းလွင်က ပြောကြားသည်။

သွင်းကုန်ကြေညာလွှာတွင် ဖော်ပြထားသော ကုန်ပစ္စည်းနှင့်မတူသော ကုန်ပစ္စည်း အမည်လွှဲ တင်ဆောင်လာမှု၊ ခွင့်ပြုကုန်ချိန်ထက် ပိုမိုတင်ဆောင်မှု၊ အကောက်ခွန်မဲ့ ကုန်ပစ္စည်း တင်ဆောင်လာမှု၊ ကုန်ပစ္စည်း မူရင်းနိုင်ငံ (Country of Origin) ကွဲလွဲတင်ဆောင်မှု၊ လိုင်စင်မဲ့ ကုန်ပစ္စည်း တင်ဆောင်မှုနှင့် တင်သွင်းခွင့်မပြုသော အရက်၊ ဘီယာတို့ကို ပြည်တွင်းအခွန်ဆောင်ကာ တင်သွင်းလာမှုတို့ကို စစ်ဆေးတွေ့ရှိထားကြောင်း အထက်ပါ ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။

ပညာပေးကာလတွင် တရားမဝင် ကုန်သွယ်မှုကို ပင်လယ်ရေကြောင်း အကောက်ခွန်ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအရ အရေးယူမည် ဖြစ်သော်လည်း အရေးယူကာလတွင် ပို့ကုန်သွင်းကုန်ဥပဒေ အရ ထောင်ဒဏ်၊ ငွေဒဏ်နှစ်ရပ်လုံးနှင့် အရေးယူမည် ဖြစ်ကြောင်း အဆိုပါဦးစီးဌာန၏ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ပြောကြားထားသည်။

အရက်၊ ဘီယာ၊ စီးကရက်နှင့် မူးယစ်စေတတ်သော ပစ္စည်းများကို တင်သွင်းခွင့် လုံးဝခွင့်မပြုသော်လည်း နိုင်ငံခြားဖြစ် အရက်၊ ဘီယာ၊ စီးကရက်တို့ကို ပြည်တွင်း ဈေးကွက်တွင် အမြောက်အမြား တွေ့ရှိနေရသည်။

ယင်းနိုင်ငံခြားဖြစ် အရက်၊ ဘီယာနှင့် စီးကရက် တရားမဝင် တင်သွင်းမှုကို စစ်ဆေးတွေ့ရှိပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းကာ လေလံတင် ပြန်လည် ရောင်းချသည့်အတွက် နိုင်ငံဘဏ္ဍာရရှိသည်ဟု ဆိုနိုင်သော်လည်း တရားမဝင် ကုန်ပစ္စည်းကို တရားဝင် ရောင်းချခွင့်ပြု လိုက်ခြင်းသာ ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

သြဂုတ်လ ၃၁ ရက်နေ့အထိ ပညာပေးကာလအတွင်း တရားမဝင် ကုန်သွယ်မှုများ စစ်ဆေးတွေ့ရှိချက်များကို ဒဏ်ငွေဆောင်၊ လိုင်စင်ပြန်လည် လျှောက်ထားခြင်းမျိုး ပြုလုပ်ပေးမည် ဖြစ်ကြောင်း ဦးဝင်းလွင်က ပြောကြားသည်။

The Voice Weekly