Home » » မြရည်နန္ဒာ မြို့သစ်တွင် ကျပ်သိန်း ၁၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

မြရည်နန္ဒာ မြို့သစ်တွင် ကျပ်သိန်း ၁၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

Written By Unknown on Friday, August 2, 2013 | 10:58 PM

မန္တလေး၊ သြဂုတ် ၁

မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည် မြို့နယ်၊ မြရည်နန္ဒာ မြို့သစ်တွင် ဇူလိုင်လ ၃၀ရက်နေ့က သတင်းအရ ရှာဖွေရာ လူ ခြောက်ဦးထံမှ ကျပ်သိန်း ၁၃၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီး ရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

အဆိုပါ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါး အလေးချိန် ၁၄၃ ဒသမ၉၅ကီလိုခန့်၊ တန်ဖိုး ၁၃၂,၂၉၀,၀၀၀ ကျပ် ရှိကြောင်း ယင်းရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းနေ့က သတင်းအရ သက်သေများနှင့်အတူ မြရည်နန္ဒာမြို့သစ် ဘဘ/၁၁ ရပ်ကွက်၊ အိမ်အမှတ် ၄၁ နေအိမ် ဧည့်ခန်းအတွင်း ရှာဖွေရာ မြွေရေခွံ အိတ် သုံးအိတ်အတွင်းမှ ဆူဒိုအက်ဖီဒရင်း အာနိသင်ပါ ဆေးပြား၊ ဆေးမှုန့်၊ အက်ဖီဒရင်း မှုန့်များ၊ မူးယစ်ဆေးဝါးများ နှင့်အတူ ဆိုင်ကယ် ၃ စီး၊ မိုဘိုင်းဖုန်း တစ်လုံးနှင့် ငွေစက္ကူရောရာ ကျပ် သိန်း ၂၄၀ တို့ကို သိမ်းဆည်း ရမိခဲ့ကြောင်း အဆိုပါ ရုံးထံမှ ထပ်မံ စုံစမ်း သိရှိရသည်။

အဆိုပါ ပြစ်မှု ကျူးလွန်သူများဖြစ်သည့် ဆွေဆွေမာ၊ ကျော်ဇင်ထိုက်၊ ချစ်ပွိုင့်၊ ဇာနည်မောင်၊ တင်တင်စိုး၊အေးအေးအောင် တို့ကို မန္တလေးမြို့ အောင်ပင်လယ် ရဲစခန်းက မယ(ပ)၃/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၆(ခ) ၁၉/(က)/၂၀(က)/၂၁အရ အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲတပ်ဖွဲ့ စခန်းထံမှ သိရသည်။

(ဖြိုးဖြိုးဇော်)

The Voice Weekly