အမေရိကန် ပြည်ထောင်စုသည် နောက်ထပ် ဒေါ်လာ (၁၀၀)ဘီလျံဖိုးမျှ ငွေစက္ကူများ ရိုက်နှိပ်ထုတ်ဝေခဲ့သော်လည်း ငွေစက္ကူ တံဆိပ်ရိုက်နှိပ်မှု တာဝန်ခံ ဗျူရိုအနေဖြင့် ရှက်ဖွယ် အမှားတစ်ခု ကြုံခဲ့ကြောင်း သိရှိရသည်။ ယင်းမှာ ငွေစက္ကူ ဒေါ်လာ (၁၀၀)တန်များ ရိုက်နှိပ်စဉ် ဒေါ်လာ သန်း(၃၀)ဖိုးမျှကို မှားယွင်းရိုက်နှိပ်မှုများ ပြုလုပ်မိခြင်းဟု ဆိုသည်။ အဆိုပါ အခြေအနေသည် အမေရိကန် ပြည်ထောင်စု၏ အခွန်ငွေ ဒေါ်လာ (၃.၇၉)သန်းမျှ ဆုံးရှုံးသွားစေကြောင်းလည်း သတင်းများက ဖော်ပြခဲ့သည်။
ဒေါ်လာ ဘီလျံ(၁၀၀)ဖိုး ရိုက်နှိပ်ထုတ်ဝေသော ငွေစက္ကူများတွင် အတုအပ ပြုလုပ်နိုင်မှုကို ကာကွယ်ရန် နည်းစနစ်များပါ ထည့်သွင်းထားခဲ့သည်။ အစောပိုင်းက ယင်းငွေစက္ကူများကို (၂၀၁၀)ပြည့်နှစ်တွင် ထုတ်ဝေရန် ရည်ရွယ်သော်လည်း အမှားများ စီစစ် တွေ့ရှိသည့်နောက် ရွှေ့ဆိုင်းခဲ့ရသည်။ယခုအခါတွင်မူ ဗျူရိုသည် အောက်တိုဘာလအတွင်း ငွေများကို စတင် အသုံးပြုခွင့် ပေးသွားဖွယ် ရှိနေကြောင်း သိရသည်။ အစောပိုင်းက (၂၀၁၁)ခုနှစ်တွင် လက်တွေ့ ဖြစ်နိုင်မည်ဟု မျှော်လင့်သော်လည်း အချိန်မလောက်သဖြင့် ထပ်မံ ရွှေ့ဆိုင်းရခြင်း ဖြစ်သည်။ ထိုစဉ်ကလည်း နောက်ထပ် ပုံနှိပ်ပြဿနာများ ထပ်ကြုံခဲ့၍ ဖြစ်သည်။
ဒီဇိုင်းသစ် ဒေါ်လာ (၁၀၀)တန်များသည် ဒီဇိုင်းဖန်တီးမှုတွင် လွတ်လပ်ရေး ခေါင်းလောင်းတစ်ခု ထည့်သွင်းထားပြီး အရောင်ကိုလည်း အတန်ငယ် ပြောင်းလဲထားသည်။ 3Dပုံရိပ်ဖော်ထားမှု နည်းပညာအရ ငွေစက္ကူကို စောင်းကြည့်သည့်အခါ ကွယ်ဝှက်ထားသော အမှတ်သင်္ကေတမျိုးကို တွေ့ရှိနိုင်မည် ဖြစ်သည်။ ယခု ငွေစက္ကူများကို စက်ရုံနှစ်ခုက တာဝန်ယူ ရိုက်နှိပ်ခြင်းဟုသိရသည်။ တက္ကဆက်စ်ရှိ ဖော့သ်ဝေါ့သ် စက်ရုံသည် ဆုံးရှုံးလွဲချော်ခဲ့သည့် ငွေစက္ကူများအတွက် တာဝန်ယူ လျော်ကြေးပေးဖွယ် ရှိနေသည်။ ယခုငွေစက္ကူ အသစ်များကို အောက်တိုဘာလ (၈)ရက်နေ့တွင် စတင်ထုတ်ဝေမည် ဖြစ်ကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။
Planet Myanmar Network
Home »
World News
» အမေရိကန်ဒေါ်လာများ မှားယွင်းရိုက်နှိပ်မှုဖြစ်