Home » » နိုင်ရိုဘီ နိုင်ငံတကာလေဆိပ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွား

နိုင်ရိုဘီ နိုင်ငံတကာလေဆိပ်တွင် မီးလောင်ကျွမ်းမှု ဖြစ်ပွား

Written By Unknown on Wednesday, August 7, 2013 | 5:56 PM

ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့တော်ရှိ နိုင်ငံတကာလေဆိပ်တွင် မီးလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့ခြင်းကြောင့် အင်္ဂါနေ့က စတင်ကာ လေဆိပ်ကို ပိတ်ထားရကြောင်း သိရှိရသည်။ ကြီးမားသော အရှိန်အဟုန်ဖြင့် ကူးစက်လောင်ကျွမ်းသော မီးကြောင့် ကင်ညက်တာ နိုင်ငံတကာ လေဆိပ်တွင် ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ကင်ညာအစိုးရ အာဏာပိုင်များက အင်္ဂါနေ့ ညပိုင်းက ကြေညာခဲ့သည်။ မီးသည် နိုင်ငံတကာ ခရီးသည်များအတွက် ဆောက်လုပ်ထားသည့် လေဆိပ် အဆောက်အအုံ တစ်ခုလုံးကို ဝါးမြိုသွားခဲ့သည်။

မီးလောင်ကျွမ်းမှုအတွင်း အသေအပျောက် မည်၍မည်မျှ ရှိနိုင်သည်ဆိုသော သတင်းကို တိတိကျကျက အတည်မပြုနိုင်သေးကြောင်း CNNက ဖော်ပြခဲ့သည်။ မီးစတင် လောင်ကျွမ်းရသည့် အကြောင်းရင်းကိုလည်း မသိရသေးချေ။ လေဆိပ်မှ တိုးထွက်လာသော နက်မှောင်သည့် မီးခိုးလုံးများကို အဝေးမှပင် ထုကြီးထည်ကြီးနှင့် တွေ့မြင်နိုင်သည်။ ကင်ညာ ပြည်ထဲရေး ဝန်ကြီးဌာနက လေဆိပ်ကို ပိတ်ထားလိုက်ကြောင်း သတင်းကို ၎င်းတို့၏ Twitter ဝက်ဘ်ဆိုက် Accountမှတစ်ဆင့် ကြေညာခဲ့သည်။

ဝန်ကြီးဌာနက မီးငြှိမ်းသတ်မှုတွင် မီးသတ်ကားများ အနေဖြင့် ရေအရင်းအမြစ် အခက်အခဲများလည်း ကြုံခဲ့ကြောင်း ဝန်ခံခဲ့သည်။ လတ်တလောတွင် လေဆိပ်မှ မည်သည့်လေယာဉ်မျှ ပျံတက်ခြင်း မရှိသလို လေယာဉ် ဆင်းသက်မှုများကိုလည်း ရပ်ဆိုင်းထားစေသည်။ ကင်ညက်တာသို့ ဦးတည် ပျံသန်းလာသော လေယာဉ်များကို အခြားလေဆိပ်များထံ လမ်းကြောင်းပြောင်း ဆင်းသက်စေခဲ့ရကြောင်းလည်း သိရှိရသည်။

Planet Myanmar Network