Home » » ဗီဇာသက်တမ်းလွန် မြန်မာများ အလုပ် ဆက်လုပ်ခွင့် ထိုင်းအစိုးရနှင့် ဆွေးနွေး

ဗီဇာသက်တမ်းလွန် မြန်မာများ အလုပ် ဆက်လုပ်ခွင့် ထိုင်းအစိုးရနှင့် ဆွေးနွေး

Written By Unknown on Saturday, August 17, 2013 | 10:53 AM

ရန်ကုန်၊ သြဂုတ် ၁၆

ဗီဇာ လေးနှစ် သက်တမ်း ကုန်ဆုံး၍ ပြည်တော်ပြန်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည့် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ အလုပ် ဆက်လက် လုပ်ကိုင်ခွင့် ရရှိရေး နှစ်နိုင်ငံဆွေးနွေးမှုများ ပြုလုပ်နေကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန နေပြည်တော်ရုံးမှ ရုံးအဖွဲ့မှူးက ပြောကြားသည်။

သက်တမ်း ကုန်ဆုံးသူများ ဆက်လက် လုပ်ကိုင်ခွင့် ရရှိရေးအတွက် ထိုင်းအစိုးရနှင့် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ထိုင်းနိုင်ငံတွင် အထောက်အထားများ ထုတ်ပေးရေး ရုံးများကို ဦးစီး ဦးဆောင် နေသော ညွှန်ကြားရေမှူး ဦးနိုင်ထွန်းက ဆိုသည်။

ထိုင်းနိုင်ငံ မူဝါဒအရ ဗီဇာသက်တမ်း လေးနှစ် နေထိုင်ပြီးသူများသည် မိခင်နိုင်ငံသို့ ပြန်ကာ သုံးနှစ် နေထိုင်ပြီးမှသာ ထိုင်းနိုင်ငံသို့ ပြန်လည် လာရောက် လုပ်ကိုင်ခွင့် ပြုထားသည်။

“အလုပ်သမားတွေ ပြန်လိုက် သွားလိုက်နဲ့ ကုန်ကျစရိတ်တွေ များတယ်။ အတတ်နိုင်ဆုံး နည်းလမ်း ရှာပြီး ဖြေရှင်းဖို့ လုပ်နေတယ်” ဟု ရုံးအဖွဲ့မှူးက ထပ်မံ ပြောဆိုသည်။

ဗီဇာ သက်တမ်း လေးနှစ် ပြည့်ပြီးသူများ လက်တွေ့ ရင်ဆိုင်နေရသည့် အခက်အခဲများနှင့် လုပ်ထုံးလုပ်နည်းများ ပွင့်လင်း မြင်သာမှု ရှိအောင် ထိုင်းနှင့် မြန်မာ အစိုးရတို့က လုပ်ဆောင်ပေးရန် တိုက်တွန်းထားသည့် ‘ဗီဇာသက်တမ်း လေးနှစ် ပြည့်ပြီးသည့် ရွှေ့ပြောင်း အလုပ်သမားများ၏ အနာဂတ်အတွက် အရေးပေါ် ထုတ်ပြန်ချက်’ ကို အဆိုပါ ကွန်ရက်က သြဂုတ်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်သည်။

ဗီဇာ သက်တမ်းကုန်လျှင် မြန်မာနိုင်ငံသို့ ပြန်ရမည်ကိုသာ သိရှိထားရပြီး မြန်မာနိုင်ငံသို့ ပြည်တော်ပြန် ရမည့် နည်းလမ်းနှင့် ထိုင်းနိုင်ငံသို့ ပြန်လည် သွားရောက် လုပ်ကိုင်ခွင့် ရမည့် အချိန်ကာလတို့ကို ရှင်းရှင်းလင်းလင်း မသိရှိရကြောင်း၊ ယင်းကိစ္စကို နှစ်နိုင်ငံ အစိုးရက တရားဝင် ကြေညာထားခြင်း မရှိသဖြင့် ဗီဇာသက်တမ်း ကုန်ဆုံးသူများကို ဗီဇာအသစ် လုပ်ပေးမည်ဟုဆိုကာ ပွဲစားများက မြန်မာ အလုပ်သမားများ ထံမှ ဘတ် ၁၅၀၀၀ (အမေရိကန် ဒေါ်လာ ၅၀၀) လိမ်လည် တောင်းယူနေ ကြကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများကို တရားဝင် အထောက်အထား ထုတ်ပေးရန်၊ ဗီဇာများ ထုတ်ပေးရန် နှစ်နိုင်ငံ အစိုးရ နားလည်မှု စာချွန်လွှာ (MoU) အရ ၂၀၀၉ ခုနှစ် ဇူလိုင် ၁၅ ရက်နေ့မှ စတင်ကာ လုပ်ဆောင် ခဲ့ကြောင်း၊ ယင်းကာလက ဗီဇာ ရရှိခဲ့သူများသည် နေထိုင်ခွင့် ဗီဇာ သက်တမ်း လေးနှစ် ကုန်ပြီဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြ ထားချက်အရ သိရသည်။

အဆိုပါ စီမံချက်အရ သုံးနှစ်တာ ကာလအတွင်း လုပ်သား ၁ ဒသမ ၇ သန်းခန့်ကို တရားဝင် အထောက်အထား ထုတ်ပေးပြီး ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ သိရှိရသည်။

သက်တမ်း ကုန်ဆုံးသော်လည်း ပြည်တော် မပြန်လိုသူများသည် တရားမဝင် အလုပ်သမားအဖြစ် လုပ်ကိုင်နေကြကြောင်း အဆိုပါ အရေးပေါ် ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။

ဇာဏီထွဏ်း၊ LC

The Voice Weekly