ရန်ကုန်၊ သြဂုတ် ၃
မြန်မာနိုင်ငံတွင် လုပ်ငန်း နယ်ပယ်စုံတွင် ပထမဆုံးအကြိမ်အဖြစ် သတ်မှတ် မည့် အနည်းဆုံး အခကြေးငွေ နှုန်းထားကို တရားဝင် သတ်မှတ်နိုင်ရန် စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနမှ ဒုတိယ ဝန်ကြီး ဦးထင်အောင်က ပြည်သူ့ လွှတ်တော်တွင် ပြောကြားသည်။
နိုင်ငံတော် သမ္မတရုံး၏ ခွင့်ပြုချက်ဖြင့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီ ဖွဲ့စည်းရန် တာဝန် ပေးအပ် သင့်သည့် အစိုးရ ဌာနများ၊ အစိုးရ အဖွဲ့အစည်းများ၊ လုပ်သား၊ အလုပ်ရှင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အခကြေးငွေ သတ်မှတ်ခြင်းဆိုင်ရာ လုပ်ငန်း ကျွမ်းကျင်ပြီး အလုပ်ရှင် လုပ်သားတို့အကြား မျှတစွာ ဆောင်ရွက် မည့် ပုဂ္ဂိုလ်များ၏ အမည် စာရင်း များကို တောင်းခံထားကြောင်း ဦးထင်အောင်က ပြောကြားသည်။
အခြေခံ လုပ်သားများအတွက် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပေးရန် အစီအစဉ် ရှိ မရှိ ထန်တလန် မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဇာတလဲမ်းက သြဂုတ်လ ၅ ရက်နေ့က ပြည်သူ့ လွှတ်တော်တွင် မေးမြန်းမှုအပေါ် ဦးထင်အောင်က ယင်းသို့ ပြန်လည် ဖြေ ကြားခြင်း ဖြစ်သည်။
လုပ်သားနှင့် အလုပ်ရှင်များအကြား ပြဿနာများ ဖြစ်ပွားနေရခြင်း၏ အဓိက အကြောင်းအရင်း တစ်ရပ်မှာ လုပ်ခလစာ ဖြစ်ပြီး ယင်းပြဿနာများတွင် အမျိုးသမီးထု ပါဝင်မှု ပိုမို များပြားနေကြောင်း၊ ယင်းပြဿနာများကို ဖြေရှင်း ရန် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပေးမှသာ ပြေလည်နိုင် မည် ဖြစ်ကြောင်း ဒေါ်ဇာတလဲမ်းက ဆိုသည်။
အနည်းဆုံး အခကြေးငွေ နှုန်းထားကို အများ သိရှိစေရန်နှင့် ကန့်ကွက်နိုင် ရန် တရားဝင် မထုတ်ပြန်မီ ရက်ပေါင်း ၆၀ ကြိုတင်၍ ပြည်သူလူထုကို အသိပေး တင်ပြသွားမည် ဖြစ်ကြောင်း အနည်းဆုံး အခကြေးငွေ ဥပဒေ ပုဒ်မ ၁၀ တွင် ဖော်ပြထားသည်။
အနည်းဆုံး အခကြေးငွေ နှုန်းထားနှင့် ပတ်သက်၍ ကန့်ကွက်မှုများ ရှိပါက ရက်ပေါင်း ၆၀ အတွင်း တွင် ပြီးစီးအောင် ဆောင်ရွက်ရမည် ဖြစ်ပြီး ကန့်ကွက်သူ မရှိပါက ယင်းအခကြေးငွေ နှုန်းထားကို ပြည်ထောင်စု အစိုးရ ၏ အတည်ပြုချက်ဖြင့် အများပြည်သူ သိရှိရန် အမိန့် ကြော်ငြာစာ ထုတ်ပြန် ရမည် ဖြစ်ကြောင်း ယင်းဥပဒေတွင် ဖော်ပြသည်။
လုပ်ခ သတ်မှတ်ရန် အမျိုးသား ကော်မတီကို ဖွဲ့စည်းပြီးပါက ပြည်ထောင်စု နယ်မြေ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အဆင့် လုပ်ခလစာ သတ်မှတ်ရေး ကော်မတီများကို ဆက်လက် ဖွဲ့စည်းရမည် ဖြစ်သည်။
အနည်းဆုံး လုပ်ခကို သတ်မှတ်ရန် လုပ်သား၊ အလုပ်ရှင်၊ အစိုးရ၊ လုပ်ခ သတ်မှတ်ရေးနှင့် ပတ်သက်၍ ကျွမ်းကျင် ပညာရှင်များ လူဦးရေ အဆတူ ပါဝင်သော အမျိုးသား ကော်မတီကို ဖွဲ့စည်း ရမည်ဖြစ်ပြီး အနည်းဆုံး လုပ်ခကို တစ်နိုင်ငံလုံး အတိုင်းအတာ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အတိုင်းအတာနှင့် လုပ်ငန်း အမျိုးအစားအလိုက်ကို ခွဲခြား သတ်မှတ်နိုင်ကြောင်း အနည်းဆုံး အခကြေးငွေ ဥပဒေတွင် ဖော်ပြသည်။
အချိန်ပိုလုပ်အားခ၊ ဆုကြေးများကိုပါ အနည်းဆုံး အခကြေးငွေ ဥပဒေတွင် အခကြေးငွေအဖြစ် ထည့်သွင်း ဖော်ပြထားသဖြင့် အလုပ်သမားများအတွက် အခက်အခဲ ဖြစ်စေနိုင်ပြီး အလုပ်ရှင်များကို ဦးစားပေးထား သကဲ့သို့ ဖြစ်နေကြောင်း လုပ်သားများနှင့် လုပ်သားအရေး ဆောင်ရွက်သူ များက ဝေဖန်နေကြသည်။
အနည်းဆုံး လုပ်ခကို လုပ်သားနှင့် မိသားစု လိုအပ်ချက် အဆင့်အတန်း မီ နေထိုင်မှု ဘဝ စားဝတ်နေရေး ကုန်ကျစရိတ်နှင့် ယင်းကုန်ကျစရိတ် အပြောင်းအလဲများ အပါအဝင် အချက် ၉ ချက် ကို အခြေခံကာ သတ်မှတ် ရမည် ဖြစ်ကြောင်း အနိမ့်ဆုံး အခကြေးငွေ ဥပဒေတွင် ဖော်ပြသည်။
အနည်းဆုံး အခကြေးငွေ ဥပဒေကို ၂၀၁၃ ခုနှစ် ဇွန်လ ၄ ရက်နေ့ တွင် ပြဋ္ဌာန်းခဲ့ပြီး နည်းဥပဒေများကို ဇူလိုင်လ ၁၂ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သည်။
The Voice Weekly