Home » » ကွဲကွာသူတို့ တွေ့ဆုံရာပွဲ သို့မဟုတ် ပြန်လည်ပေါင်းစည်းပွဲ

ကွဲကွာသူတို့ တွေ့ဆုံရာပွဲ သို့မဟုတ် ပြန်လည်ပေါင်းစည်းပွဲ

Written By Unknown on Monday, August 12, 2013 | 9:49 AM

ကွန်ကရစ်ခင်းထားသည့် ကွင်းပြင်ထဲတွင် လူများဟိုတစ်စုသည်တစ်စု၊ အချို့လည်း ဗိုက်ရွှဲရွှဲ၊ ဗိုက်ပူပူ၊ အချို့လည်း ပိန်ပိန်ပါးပါး ဆံပင်ဖြူများ ကျိုးတိုးကျဲတဲ၊ မျက်မှန်နှင့် တစ်ခေါင်းလုံး ဖြူဖွေးနေသူများလည်း ပါသည်။

“ဒါ 144+”၊ “သူက D10”၊ “သူကတော့ ဦးရဲထွန်းအမှုတွဲ” ဆိုကာ မြန်မာနိုင်ငံတွင် မြန်မာစကားနှင့် တစ်ဦးကိုတစ်ဦး ပြောဆို နှုတ်ဆက်နေကြသော်လည်း သာမန်လူများက သဘောမပေါက်နိုင် ဖြစ် ရသည်။

144+ဆိုသည်မှာ ကိုမင်းဇေယျာနှင့်အတူ ထောင်ကျခဲ့ရသည့် အပေါင်းအပါ ၁၄၄ ဦး ဆိုလိုခြင်း ဖြစ်သကဲ့သို့ D10 ဆိုသည်မှာ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆု အထိမ်းအမှတ် ကျင်းပ၍ ဒီဇင်ဘာ ၁၀ ရက်တွင် အဖမ်းခံ အထိန်းသိမ်းခံရသူများ ဆိုလိုသည်။ ဦးရဲထွန်းအမှုတွဲ ဆိုသည်မှာ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အတွင်းရေးမှူး (၁) ဗိုလ်မှူးချုပ်ခင်ညွန့် ၉.၉.၈၉ ရက်နေ့က ကျောင်းသားထုနှင့် ရိုးသားသော ပြည်သူကို အသုံးချ၍ မြေပေါ်မြေအောက် လှုပ်ရှားမှု ပြုလုပ်နေသည့် ပါတီအဖွဲ့အစည်းများ၊ လက်ယာအင်အားစု သံတမန်အချို့နှင့် ပြည်ပရောက် အစိုးရဆန့်ကျင်သူများ ခေါင်းစဉ်ဖြင့် အထူးသတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရသည့် ယခင်လွှတ်တော်တရားရေး ဝန်ကြီးဟောင်း ဦးချန်ထွန်း၏ သားဖြစ်သူ ဦးရဲထွန်း၏ အမှုတွဲတွင် ပါဝင် ပြစ်ဒဏ်ကျခံ ခဲ့ရသူများ ဖြစ်သည်။

ရန်ကုန်မြို့ မင်းဓမ္မလမ်း မြန်မာကွန်ဗင်းရှင်းစင်တာတွင် ကျင်းပသည့် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု နိုင်ငံရေး ဆွေးနွေးပွဲများတွင် ယုံကြည်ချက်ကြောင့် နှစ်ရှည်အကျဉ်းကျခံ ခဲ့ရသူများ၊ လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲရန် တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင် အဖွဲ့များထံ ရောက်ရှိကြသူများ၊ ထိုမှတစ်ဆင့် နိုင်ငံတကာသို့ နိုင်ငံရေး ခိုလှုံခွင့်အတူ ရောက်ရှိနေထိုင်ရာမှ ပြန်လည် လာရောက် လည်ပတ်သူများ ပြန်လည် ဆုံတွေ့ ကြသည့် တွေ့ဆုံပွဲလည်း ဖြစ်သည်။

“ဝမ်းသာတယ်ဗျာ။ ဒီကိုလာရကျိုး နပ်သွားပြီ။ မသေလို့ ပြန်တွေ့ရတာ ဝမ်းသာတယ်ဗျာ” ဟု အသက် ၅၀ ခန့် ဗိုက်အနည်းငယ် စူထွက်နေသည့် အမျိုးသားကြီးတစ်ဦးက မပိန်မပါး ဆံပင်ဖြူများ ကျိုးတိုးကျဲတဲပုဂ္ဂိုလ်၏ ညာလက်ကို ပြုတ်လုမတတ် ဆွဲညှစ်နှုတ်ဆက်သံသည် ပတ်ဝန်းကျင်တစ်ဝိုက် လှည့်ကြည့်လောက်အောင် ကျယ်လောင်လှသည်။

၁၉၈၈ သြဂုတ်လ ၈ ရက် တစ်နိုင်ငံလုံး လှည်းနေလှေအောင်း မြင်းဇောင်းပါမကျန် ပါဝင်ခဲ့သည့် စစ်အေးခေတ် ခေတ်သစ်အာရှသမိုင်းတွင် အကြီးဆုံး ဒီမိုကရေစီရေး လူထုလှုပ်ရှားမှုကြီး၏ (၂၅) နှစ်မြောက် ငွေရတုအခမ်းအနား ဖြစ်သည်။

တစ်ပါတီစနစ် ဆန့်ကျင့်ရေး၊ ဒီမိုကရေစီနှင့် လူအခွင့်အရေး ရရှိရေးအတွက် ကျောင်းသားလူငယ်များ ဦးဆောင်မှုဖြင့် စတင်ခဲ့သော ဒီမိုကရေစီရေး လူထုလှုပ်ရှားမှုကြီးကို စစ်တပ်က အကြမ်းဖက် နှိမ်နင်း ဖြိုခွဲပြီးနောက် အသက် ၂၀ ကျော်တက္ကသိုလ် ကျောင်းသားလူငယ်များ အပါအဝင် ရှေ့နေများ၊ ဆရာဝန်များ၊ တပ်မတော်သားအချို့ (လေတပ်နှင့်ရေတပ်)၊ ကျောင်းဆရာများ၊ အင်ဂျင်နီယာများ လူထုလူတန်းစား အသီးသီး၊ အခြားအလွှာ အသီးသီးသည် တောခိုသူ တောခို၊ ထောင်ကျကြသူ၊ အမေရိက၊ ကနေဒါတို့ကဲ့သို့ နိုင်ငံများတွင် နိုင်ငံရေး ခိုလှုံသူများအဖြစ် ကံကြမ္မာအလိုက် နေထိုင်ကျင်လည်ကြရာမှ ပြန်လည် ဆုံတွေ့ကြခြင်းများ ဖြစ်သည်။

အမှန်တရားကို ချစ်မြတ်နိုးခြင်း၊ မတရားမှုများကို တွန်းလှန် တိုက်ပွဲဝင်ရဲခြင်း လူတန်းစားပေါင်းစုံ၊ အလွှာပေါင်းစုံ ညီညွတ်ရေးကို အလေးထားပြီး စစ်အာဏာရှင်စနစ် ဆန်ကျင့်ခဲ့သည့် စိတ်ဓာတ်သည် ရှစ်လေးလုံးစိတ်ဓာတ် ဖြစ်သည်ဟု ၁၉၈၈ ခုနှစ်တုန်းက ရန်ကုန် စက်မှုတက္ကသိုလ်တွင် တက်ရောက်နေသူ ဦးမျိုးဝင်းက ဆိုသည်။

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုပွဲတွင် တိုင်းရင်းသား အင်အားစုများ၊ ဒီမိုကရေစီ အင်အားစုများ စုစည်း ဆွေးနွေးခဲ့ကြပြီး ကိုယ့်ကြမ္မာကိုယ် ပြဋ္ဌာန်းပိုင်ခွင့်ရှိ၍ တန်းတူညီမျှသော ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော်သစ်ကို ထူထောင်ရန် လိုအပ်သည်ဟု ဆွေးနွေးနိုင်ခဲ့ခြင်းသည် မြန်မာနိင်ငံရေးအတွက် အရေးပါသော ခြေလှမ်းဖြစ်သည်။

မြန်မာနိုင်ငံတွင် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရသော အခြေခံ အကြောင်းတရားတွင် တိုင်းရင်းသားလူမျိုးစုများ၏ အခွင့်အရေး ဆုံးရှုံးနေခြင်းသည် အရင်းခံ အကြောင်းတရား ဖြစ်ခဲ့ရသည်ဟု ရှစ်လေးလုံး မျိုးဆက်များက သုံးသပ်ကြသည်။

ပြည်တွင်းစစ်မီးကြောင့် စစ်တပ် (တပ်မတော်) တန်ခိုးကြီးထွားလာပြီး စစ်အာဏာရှင်စနစ် အမြစ်တွယ်ကာ လူ့အခွင့်အရေးများ ဆုံးရှုံးခဲ့ကြရကြောင်း ပြည်တွင်းစစ်မီးကြောင့်ပင် ဒုတိယကမ္ဘာ စစ် ပြီးခါစက အရှေ့တောင်အာရှ၏ ဖွံ့ဖြိုးရန် အလားအလာ အကောင်းဆုံးနိုင်ငံသည် ကမ္ဘာ့ဖွံ့ဖြိုးမှု အနိမ့်ဆုံးနိုင်ငံ (LDC) စာရင်းဝင်နိုင်ငံ ဖြစ်ခဲ့ရသည်။

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတုနိုင်ငံရေး ဆွေးနွေးပွဲများ၏ အကြံပြုချက်များတွင် အပစ်အခတ်ရပ်စဲရေး၊ တိုင်းရင်းသားရေးနှင့် ပြည်တွင်း ငြိမ်းချမ်းဖော်ဆောင်ရေး လုပ်ငန်းစဉ် ပါဝင်ပြီး အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား တစ်တိုင်းပြည်လုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးများကို ဦးတည်သော နိုင်ငံရေး ဆွေးနွေးမှုများ ပြုလုပ်ရန် အကြံပြုထားသည်။ ငြိမ်းချမ်းရေး ညီညွတ်ရေးနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူများ မျှော်လင့်လာနိုင်ပြီ ဖြစ်သည်။

အထူးသဖြင့် စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရန် အကြံပြုထားပြီး ပြည်ထောင်စုအတွင်း ခွဲထွက်ခွင့်ကိစ္စကို အလေးအနက် စဉ်းစားရန် အကြံပြုထားကာ ခွဲထွက်ခြင်းကို မစဉ်းစားသော၊ မပါသော ဖက်ဒရယ်ဖြစ်ရန် ဆိုသည့်အချက် ထည့်သွင်းဆွေးနွေးကြခြင်းသည် ယခင် တပ်မတော် အစိုးလက်ထက်တို့ တာဝန်အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေးဆိုသည့် အချက်များ၊ လက်နက်အင်အားနှင့် မတည်ဆောက်ဘဲ တန်းတူရည်တူ တွေ့ဆုံဆွေးနွေး ညှိနှိုင်း တည်ဆောက်မည့် လုပ်ငန်းစဉ် ဖြစ်သည်ဟု ပအို့ဝ်းတိုင်းရင်းသား ခေါင်းဆောင်တစ်ဦးက ဆိုသည်။

ယေဘုယျအားဖြင့် ၂၅ နှစ်တာ ကွဲနေသူများ၏ တွေ့ဆုံပွဲဟု ယူဆနိုင်သော်လည်း ၎င်းတို့နှင့်အတူ မတူညီသော အတွေ့အကြုံများ၊ ဖြတ်သန်းမှုများ ပါဝင်လာသည်ကတော့ အမှန်ပင်ဖြစ်သည်။

ရှစ်ဆယ့်ရှစ် မျိုးဆက်များသည် နယ်စပ်ဒေသများမှတစ်ဆင့် အမေရိကနှင့် အနောက်နိုင်ငံများသို့ ရောက်ရှိသွားကြသည်။ ရောက်ရှိသွားကြသူများအနက် အချို့သည် နိုင်ငံတကာ တက္ကသိုလ်များတွင် ပညာသင်ကြားခွင့်များ ရရှိပြီး ပညာရှင်များအဖြစ် ပြန်လာကြသူလည်း ရှိသည်။

ထို့အတူ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအတွင်း ရောက်ရှိပြီး ဒေသခံတိုင်းရင်းသူများနှင့် အိမ်ထောင်ကျကာ အဖွဲ့အစည်း၏ ခေါင်းဆောင်မှုနေရာ ရရှိပြီး ယခုငွေရတု အခမ်းအနားကို လာတက်သူများ ပါဝင်သည်။

ပြည်တွင်း၌ နိုင်ငံရေး လှုပ်ရှားရင်း ထောင်ကျသွားသူများသည် လက်ဝဲလက်ယာ နိုင်ငံရေးသမားများသာမက ၎င်းတို့ကို ဖမ်းဆီးထောင်ချခဲ့သည့် ယခင်ဗိုလ်ချုပ်ကြီးခင်ညွန့်၏ စစ်ထောက်လှမ်းရေး များနှင့်လည်း ထောင်တွင်း တွေ့ဆုံခဲ့ကြသည်။

၈၈ ဒီမိုကရေစီ အင်အားစုများအနေနှင့် ဖြစ်စေလိုသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာရန် လက်ရှိအစိုးရ အာဏာပိုင်အဖွဲ့က ဦးဆောင် လုပ်ကိုင်နေခြင်းများကို ဆန့်ကျင်သွားမည်လား သို့မဟုတ် ဖြစ်စေချင်သည့် တိုင်းပြည်အတွက် ချမှတ်လုပ်ဆောင်ရမည့် မူဝါဒများ၊ ပေါ်လစီများ၊ အလုပ်များကို လက်ရှိအစိုးရ အာဏာပိုင် အဖွဲ့အစည်းက လုပ်ဆောင်ပေးရန် ကြိုးစားကြမည်လား သို့မဟုတ် စစ်မှန် သည့် ဒီမိုကရေစီရှိသည့် စုစည်းညီညွတ်၍ တိုးတက်ချမ်းသာ သာယာပျော်ရွှင်ဖွယ် ကောင်းသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာရန် လက်ရှိရရှိထားသည့် ပွင့်လင်းစပြုနေပြီ ဖြစ်သည့် အခွင့်အရေးကို မိမိရရဆုပ်ကိုင်ပြီး လက်ရှိအစိုးရ အာဏာပိုင်များနှင့် ပူးပေါင်းလုပ်ဆောင်ကြမည်လား သို့မဟုတ် အထက်ပါ နည်းလမ်းသုံးခုစလုံးကို သူ့နေရာနှင့်သူ အလျဉ်းသင့်သလို စုစည်းညီညွတ်စွာဖြင့် အားလုံးအတူတကွ လုပ်ဆောင်ကြမည်လားဆိုသည့် နည်းလမ်းလေးသွယ်ကို ရွေးချယ်ရမည်ဟု ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ငွေရတု ကြေညာစာတမ်းနှင့် အကြံပြု ဆွေးနွေးချက်များ သတင်းလွှာတွင် ဖော်ပြထားသည်။

မည်သို့ပင်ဖြစ်စေ ၂၅ နှစ်ကြာ ကွဲကွာနေသူများ၏ တွေ့ဆုံပွဲတွင် နိုင်ငံရေး၊ စီပွားရေး၊ လူမှုရေး၊ ပညာရေး၊ အနာဂတ်တိုင်းပြည် တည်ဆောက်ရေးတို့ကို ဆွေးနွေးခဲ့ကြပြီး ရှစ်လေးလုံး အရေးတော်ပုံကြီး၏ မပြီးဆုံးသေးသော တာဝန်များ ဆက်လက်ထမ်းရွက်သွားမည့် ခြေလှမ်းများအတွက် အစလည်း ဖြစ်သည်ဟု ယူဆရမည်။

တစ်နည်းအားဖြင့် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်သော အမျိုးသားအင်အားစုများ အားလုံးပါဝင်သည့် ညီလာခံတစ်ရပ်ကို ကျင်းပရန် လိုအပ်သည်ဟု ခံယူကြေညာထားသည့်အတိုင်း ကွဲကွာသူတို့ တွေ့ဆုံမှုမှသည် အမျိုးသား ပြန်လည်ပေါင်းစည်းရေး ကို ဦးတည်လာသည်ကတော့ အမှန်ပင်ဖြစ်ပြီး ယခင် ဇီးရိုးဆမ်းဂိမ်းသီအိုရီမှ ဝင်းဝင်းသီအိုရီသို့ လှမ်းတက်လာကြခြင်း ဖြစ်သည်ဟုလည်း ဆိုနိုင်ပေမည်။

(နိုင်မင်းဝေ)

The Voice Weekly