Home » » မြဝတီကုန်သွယ်ရေးဇုန် ကုန်သွယ်မှုပြန်စ

မြဝတီကုန်သွယ်ရေးဇုန် ကုန်သွယ်မှုပြန်စ

Written By Unknown on Friday, August 9, 2013 | 6:29 PM

ရန်ကုန်၊ သြဂုတ် ၈

မိုးသည်းထန်စွာ ရွာသွန်းရာမှ ရေကြီးနစ်မြုပ်၍ တောင်ပြို လမ်းပိတ်မှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ကုန်သွယ်မှု ရပ်နားထားသော မြဝတီကုန်သွယ်ရေးဇုန်တွင် ကုန်သွယ်မှုများ ပြန်လည် စတင်နေပြီ ဖြစ်ကြောင်း ယင်းစခန်း၏ ဒုတိယတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးကြည်စိန်က ပြောကြားသည်။

အဆိုပါ ကုန်သွယ်ရေးဇုန်ကို ၁၀ ရက်ခန့် ကုန်သွယ်မှု ရပ်နားခဲ့ရာမှ ပြီးခဲ့သည့် သြဂုတ်လ ၆ ရက်နေ့ ညနေပိုင်းမှ စတင်ကာ ကုန်သွယ်မှုများ ပြန်လည်စတင်လာနိုင်ခြင်း ဖြစ်သည်ဟု ၎င်းကရှင်းပြသည်။

သက်ဆိုင်ရာ ဒေသအာဏာပိုင်များက အန္တရာယ် ကင်းရှင်းပြီဖြစ်၍ ကုန်သွယ်မှု ပြန်လည် ခွင့်ပြုသဖြင့် ကုန်သယ်ယာဉ်များက ကုန်သွယ်မှု ပြုလုပ်လာကြခြင်း ဖြစ်ကြောင်း၊ လတ်တလောတွင် ရေနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့ရသည့် ကုန်ပစ္စည်းများ၏ ဆုံးရှုံးမှုတန်ဖိုးကိုမူ တွက်ချက်၍ မရသေးကြောင်း ၎င်းကဆိုသည်။

“မြဝတီမြို့ထဲမှာတော့ ကုန်ကားတွေ စသွားနေကြပြီ။ ဒါပေမဲ့ အရင်လို ချောချောမွေ့မွေ့တော့ မဟုတ်ဘူးပေါ့” ဟု မြဝတီမြို့ အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သူ ဒေသခံအမျိုးသမီးတစ်ဦးက ပြောကြားသည်။

မြဝတီ ကုန်သွယ်ရေးဇုန်တွင် သြဂုတ်လ ၈ ရက်နေ့မှစတင်၍ ကုန်သွယ်မှု ပြန်စတင်နေသော်လည်း ကုန်တင်ယာဉ်ကြီးများ အဝင်အထွက်မှာ နည်းပါးသေးကြောင်း မြဝတီဒေသခံ ကုန်သည်တစ်ဦးဖြစ်သူ ဦးမျိုးက ဆိုသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့မှ စတင်ကာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြဝတီတစ်မြို့လုံး ရေကြီးနစ်မြုပ်မှုများ ဖြစ်ပွားခဲ့ပြီး လူသုံးဦးသေဆုံးကာ အိမ်ထောင်စု သုံးထောင်ကျော် ဒုက္ခရောက် ခဲ့ရာ ရေဘေးကယ်ဆယ် ကူညီရေးလုပ်ငန်းများကို ဒေသခံ နာရေးကူညီမှုအသင်းများ၊ လူမှုအဖွဲ့အစည်းများနှင့် အာဏာပိုင်တို့က အကူအညီများ ပေးခဲ့ရသည်။

အဆိုပါ မိုးသည်းထန်မှုကြောင့် ဒေါနတောင်တန်း မြေပြိုကာ ကားလမ်းပိတ်ခဲ့ပြီး မြဝတီမြို့နှင့် ခုနစ်မိုင်ခန့်ဝေးသည့် ကုန်သွယ်ရေးဇုန်မှာလည်း ကုန်စည်စီးဆင်းမှု ပြတ်တောက်ခဲ့ရကြောင်း အဆိုပါ ကုန်သွယ်ရေးဇုန်မှ သိရသည်။

မြဝတီကုန်သွယ်ရေးဇုန်သည် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးဇုန်များ အနက် အကြီးဆုံးဖြစ်ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅၇၄ သန်း ရရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

The Voice Weekly