Home » » ဖျာပုံမြို့နယ်အတွင်း လယ်သမား (၁၀) ဦး ဖမ်းဆီးခံရ

ဖျာပုံမြို့နယ်အတွင်း လယ်သမား (၁၀) ဦး ဖမ်းဆီးခံရ

Written By Unknown on Wednesday, August 28, 2013 | 7:18 AM

ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်၊ အလန်းဖလွတ်ကျေးရွာက သိမ်းယူထားတဲ့ လယ်မြေထဲမှာ တဲအိမ် ၀င်ဆောက်လို့ဆိုပြီး မူလ လုပ်ကိုင်ခဲ့တဲ့ လယ်သမား(၁၀) ယောက်ကို ကျုံကဒွန်းမြို့နယ် ရဲစခန်းက မနေ့ညက လာရောက် ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၁၉၉၄ ခုနှစ် နောက်ပိုင်း လယ်ယာမြေဧက (၁၀၀၀) ကျော်ကို ကျေးရွာ အုပ်ချုပ်ရေးမှူးက နိုင်ငံတော်ကို ပေးရမယ့် အခွန်မကျေလို့ဆိုပြီး သိမ်းယူခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီလိုသိမ်းယူပြီးနောက်ပိုင်း တခြား လယ်သမားတွေကို ရောင်းချခဲ့တာဖြစ်တဲ့အတွက် အခု မူလတောင်သူတွေက တဲဝင်ဆောက်ရာမှာ လက်ရှိလုပ်ကိုင်နေတဲ့လယ်သမားတွေက တရားလိုပြုလုပ် တိုင်ကြားတာဖြစ်တယ်လို့ ဒေသခံလယ်သမားတစ်ဦးဖြစ်တဲ့ ကိုစိုးမင်းဦးက RFAကို ပြောပါတယ်။

"အုပ်ချုပ်ရေးမှုးနဲ့နယ်ထိန်းတင်မင်းဇော်က လာဖမ်းသွားတယ်။ဘာအမူမှန်း မသိဘဲ လာဖမ်းသွားပါတယ်။အခုကျတော့ ၄၄၇ နဲ့ ၄၂၇ (အ)နဲ့ဆွဲပါတယ်လို့ သူတို့က ပြောပါတယ်။ အခုတော့ ရုံးအချုပ်ခန်းကိုရောက်နေပါတယ်။ကျွန်တော်တို့က မရရတဲ့နည်းနဲ့ ပြန်ထုတ်ရပါတယ်။"

လယ်သမားတွေက ဒီနှစ် ဇွန်လဆန်းပိုင်းလောက်က လယ်ယာမြေတွေထဲမှာ ဝင်ရောက်တဲထိုးလို့ဆိုပြီး အခုမှ တရားလိုလုပ်ပြီး တိုင်ကြားတာဖြစ်တယ်လို့ သိရပါတယ်။

အဖမ်းခံထားရတဲ့ လယ်သမားတွေကတော့ အလန်းဖလွတ်ကျေးရွာက ဦးတင်အေး၊ ဦးခင်ဆွေ၊ ဦးအေးမြင့်၊ ဒေါ်ဖြူနဲ့ ဒေါ်တင်ဌေးတို့ အပါအဝင် လယ်သမား ၁၀ယောက်ဖြစ်တယ်လို့ သိရပါတယ်။

RFA Burmese