Home » » မလက်တို ပဋိပက္ခတွင် လယ်သမားများကို ဖမ်းဆီးမှု တရားမျှတမှု မရှိဟုဆို

မလက်တို ပဋိပက္ခတွင် လယ်သမားများကို ဖမ်းဆီးမှု တရားမျှတမှု မရှိဟုဆို

Written By Unknown on Sunday, August 18, 2013 | 9:29 PM

ရန်ကုန်၊ သြဂုတ် ၁၇

မလက်တို ပဋိပက္ခတွင် ရဲတပ်သားတစ်ဦး သေဆုံးမှုဖြင့် ဒေသခံတောင်သူ လယ်သမားနှစ်ဦးကို ဖမ်းဆီး တရားစွဲဆိုထားခြင်းမှာ တရားမျှတမှု မရှိကြောင်း ဧရာဝတီတိုင်းဒေသကြီး မအူပင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက ပြောကြားသည်။

ယင်းဖြစ်စဉ်မှာ ရဲရိုက်နှိက်မှုဖြစ်ပြီး ရဲက ရဲသက်သေပြ ၅၀ ဦးဖြင့် လယ်သမားနှစ်ဦးကို တရားစွဲဆိုခြင်းမှာ တရားမျှတမှု မရှိသည့်အပြင် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အတူရှိနေ သည့် လယ်သမားတစ်ဦးကိုလည်း ပါဝင်ပတ်သက်သည်ဟုဆိုကာ ဖမ်းဆီးထားသည်မှာ လေးလခန့်ရှိပြီ ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ဧရာဝတီတိုင်း မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ပလောင်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၆ ရက်နေ့က လယ်ဧက တစ်ထောင်ကျော် သိမ်းဆည်းခံထားရမှုကို လယ်သမားများ ဆန္ဒထုတ်ဖော်ခဲ့ခြင်းကို ရဲတပ်ဖွဲ့က အင်အား ၂၀၀ ခန့်ဖြင့် ရိုက်နှက်သည့်အပြင် သေနတ်ဖြင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းလယ်မြေများတွင် အော့ချက်ဖ် ကုမ္ပဏီက ဧက ၅၅၀ ငါးကန်ကို ဗဟိုမြေလွတ်မြေရိုင်းမှ ငါးမွေးမြူရန် ၂၀၀၇ ခုနှစ်ကတည်းက လုပ်ကိုင်ခွင့် ရရှိခဲ့သော်လည်း လက်ရှိအချိန်ထိ ငါးလုပ်ငန်းကို ပီပြင်စွာ ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းရမှုကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

စိုက်ပျိုးမွေးမြူရေးအတွက် သိမ်းဆည်းထားသော ကိစ္စရပ်များတွင် တရားဝင် လုပ်ကိုင်ခွင့် ရရှိထားသော လယ်မြေများပေါ်၌ လူပုဂ္ဂိုလ်အချို့နှင့် အဖွဲ့အစည်းအချို့တို့၏ သွေးထိုးလှုံ့ဆော်မှု များအပြင် တောင်သူလယ်သမား နစ်နာမှုအပေါ် စိတ်ခံစားမှုများ ပြင်းထန်လာပြီး လူအုပ်စုဖြင့် အကြမ်းဖက် ဆောင်ရွက်သည့် ဥပဒေမဲ့လုပ်ရပ်များ ဖြစ်ပေါ်ခဲ့ကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြ ထားသည်။

The Voice Weekly