Home » » ရှမ်းမြောက်ပိုင်း လောက်ကိုင်ခရိုင် ရဲအရာရှိတစ်ဦး လူကုန်ကူးမှုဖြင့် သံသယရှိဟုဆို

ရှမ်းမြောက်ပိုင်း လောက်ကိုင်ခရိုင် ရဲအရာရှိတစ်ဦး လူကုန်ကူးမှုဖြင့် သံသယရှိဟုဆို

Written By Unknown on Tuesday, August 6, 2013 | 11:02 AM

တောင်ငူ၊ သြဂုတ် ၅

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်အတွင်း ဇူလိုင်လ ပထမအပတ်က ဖြစ်ပွားခဲ့သော လူကုန်ကူးမှုတွင် ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ခရိုင် ချင်းရွှေဟော် မြို့နယ်ရဲစခန်း ဒုရဲအုပ်အဆင့်ရှိ ရဲအရာရှိ၏ဇနီး ပါဝင်သောကြောင့် အဆိုပါ ရဲအရာရှိကို သံသယ ရှိကြောင်း တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး စောသန်းလွင်က The Voice သို့ ပြောကြားသည်။

အဆိုပါ လူကုန်ကူးမှုတွင် ပါဝင်သော တောင်ငူမြို့တွင် နေထိုင်သူနှစ်ဦးကို စစ်ဆေးလျက်ရှိပြီး အဆိုပါ ရဲအရာရှိ ပါဝင်ပါက ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ အရေးယူမည် ဖြစ်ကြောင်း၊ လက်ရှိတွင် ရဲတရားရုံး၏ ဥပဒေအကြံပေးချက်ကို စောင့်ဆိုင်းလျက် ရှိကြောင်း ၎င်းကဆိုသည်။

တောင်ငူမြို့ (၄) ရပ်ကွက်နေသူ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ် အပါအဝင် အသက် ၂၀ အရွယ် အမျိုးသမီး လေးဦးကို ဇူလိုင်လ ပထမပတ်တွင် ယင်းမြို့ ၁၉ ရပ်ကွက် အုတ်ကျွတ်တန်းတွင် နေထိုင်သော အသက် ၂၈ နှစ်အရွယ် မနှင်းနှင်းမြင့် (ခ) နှင်းနှင်း၊ အသက် ၃၈ နှစ်အရွယ် ဒေါ်မြင့်မြင့်ထွေး (ခ) ထွေးထွေးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်ခရိုင် ချင်းရွှေဟော်ရဲစခန်းမှ ဒုတိယရဲအုပ်တစ်ဦး၏ဇနီး အသက် ၃၅ နှစ်အရွယ် ဒေါ်အိအိချော (ခ) ရှမ်းမတို့က လားရှိုးမြို့ စားသောက်ဆိုင်တစ်ခုတွင် တစ်လ ကျပ်ငါးသိန်းဖြင့် အလုပ်ရမည်ဆိုကာ ခေါ်ဆောင်ခဲ့ပြီး အနှိပ်ခန်းတွင် အလုပ်စေခိုင်းမှုကြောင့် အသက် ၁၈ နှစ်အရွယ် အမျိုးသမီး၏ မိခင်က ရဲစခန်းသို့ တိုင်ကြားခဲ့ကြောင်း တောင်ငူမြို့ အမှတ် (၁) ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

“ကလေးတွေ ပြောသွားတုန်းက နေပြည်တော်မှာ အလုပ်လုပ်မယ်လို့ပဲ သိထားတာ။ ရဲကပြောမှပဲ လူကုန်ကူးခံရမှန်း သိတာ” ဟု တောင်ငူမြို့ အမှတ် (၄) ရပ်ကွက် (၂) လမ်းတွင် နေထိုင်သူ လူကုန်ကူးခံရသည့် မိန်းကလေး၏မိခင် ဒေါ်နီနီဝင်းက ရှင်းပြသည်။

အဆိုပါ မိန်းကလေးငယ်များကို လူကုန်ကူးခံရပြီး ရက်ပိုင်းအတွင်း ရှမ်းပြည်နယ် လောက်ကိုင်ခရိုင် ချင်းရွှေဟော်မြို့နယ် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ တာဝန်ရှိသူများက တွေ့ရှိခဲ့သဖြင့် သက်ဆိုင်ရာနယ်မြေ ရဲစခန်းနှင့် တောင်ငူမြို့နယ် အမှတ် (၁) ရဲစခန်းတို့ ပူးပေါင်းကာ မန္တလေးမြို့မှတစ်ဆင့် တောင်ငူမြို့နယ်သို့ ပို့ဆောင်သဖြင့် ဇူလိုင်လ ၁၀ ရက်နေ့တွင် ပြန်လည် ရောက်ရှိခဲ့ကြောင်း တောင်ငူမြို့ အမှတ် (၁) ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ လူကုန်ကူးမှုနှင့် ပတ်သက်၍ ဇူလိုင်လ ၁၁ ရက်နေ့တွင် သံသယရှိသူ သုံးဦးကို (ပ)-၃၇၈/၂၀၁၃၊ လူကုန်ကူးမှု ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။

အဆိုပါ သံသယရှိသူသုံးဦးအနက် ရဲအရာရှိ၏ဇနီးကို သွားရောက် ဖမ်းဆီးသော်လည်း ယခုအချိန်အထိ ထွက်ပြေး တိမ်းရှောင်လျက် ရှိကြောင်း အဆိုပါရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly