Home » » ၂၀၁၅ မတိုင်မီ ကျေးလက်နေ မြေယာမဲ့များ မြေယာ ပိုင်ဆိုင်ခွင့်ရရန် အစိုးရ ဆောင်ရွက်မည်

၂၀၁၅ မတိုင်မီ ကျေးလက်နေ မြေယာမဲ့များ မြေယာ ပိုင်ဆိုင်ခွင့်ရရန် အစိုးရ ဆောင်ရွက်မည်

Written By Unknown on Monday, August 26, 2013 | 11:33 AM

ရန်ကုန်၊ သြဂုတ် ၂

မြေယာ ပိုင်ဆိုင်မှု မရှိသည့် ကျေးလက်နေ ပြည်သူများ အဆင်ပြေစေရန် အတွက် ၂၀၁၅ မတိုင်မီ မြေယာ ပိုင်ဆိုင်နိုင်ခွင့် ရရှိစေရန် လုပ်ဆောင်ပေး မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းက ပြောကြားသည်။

သြဂုတ်လ ၂၅ ရက်နေ့တွင် ပြုလုပ်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်ထောင်စု ဝန်ကြီး အချို့နှင့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ မြန်မာ ငြိမ်းချမ်းရေး စင်တာ၌ တွေ့ဆုံ ဆွေးနွေးစဉ် ၎င်းက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အိမ်ထောင်စု အားလုံး မြေယာ ပိုင်ဆိုင်နိုင်ရေးအတွက် မြေယာ ပိုင်ဆိုင်မှု စာရင်းကို ကနဦး ကောက်ယူလျက် ရှိပြီး အောက်တိုဘာလအတွင်း အပြီးသတ် ကောက်ယူနိုင်ရန် ခန့်မှန်းထားကြောင်း အဆိုပါသမ္မတရုံး ဝန်ကြီးက ရှင်းပြသည်။

“လူတစ်ဦးချင်းကိုတော့ မြေယာ ပိုင်ဆိုင်အောင် ဆောင်ရွက် မပေးနိုင်ဘူးပေါ့။ ဒါပေမဲ့ မြေယာမဲ့ အိမ်ထောင်စု Landless Household အားလုံး ၂၀၁၅ မှာ မြေယာ ပိုင်ဆိုင်နိုင်အောင် ဆောင်ရွက်မယ်” ဟု ၎င်းက ဆိုသည်။

ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးအတွက် မြေယာ ပိုင်ဆိုင်မှု အခြေအနေမှန်ကို သိရှိရန် လိုအပ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် အားလုံးတွင် မြေယာ ပိုင်ဆိုင်မှု အထောက်အထား (Land Ownership Certificate) များ ထုတ်ပေးနေကြောင်း ဦးစိုးသိန်းက ပြောကြားသည်။

အစိုးရက မြေယာမဲ့များကို မြေယာ ပိုင်ဆိုင်ခွင့် ရရှိရန် လုပ်ဆောင်ပေးမည် ဟု ဆိုသော်လည်း မြို့နယ် အချို့ရှိ ကျူးကျော် ရပ်ကွက်များကို အဓမ္မ ဖျက်ခိုင်းခြင်းနှင့် တပ်သိမ်း လယ်ယာမြေများကို ပြန်လည် ပေးအပ်ခြင်း မရှိသေးကြောင်း လယ်ယာမြေ ပြဿနာများအတွက် ဖြေရှင်းပေးနေသည့် အဖွဲ့အစည်းများက ဆိုသည်။

မြေယာ ပိုင်ဆိုင်မှုနှင့် လူဦးရေ စာရင်းမှာ အစိုးရ လက်ဝယ်တွင် ရှိနေသည့် မြေပုံ စာရင်းဇယားများနှင့် များစွာ ကွာဟနေပြီး ယခင်အစိုးရ မြေပုံအရ သစ်တောကြိုးဝိုင်းများအတွင်း ကျရောက်နေ သည့် ကျေးရွာပေါင်း ၁၃၀၀ ကို သစ်တောကြိုးဝိုင်း စာရင်းမှ ပယ်ဖျက်ပေး ခဲ့ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

The Voice Weekly