Home » » ချက်နိုင်ငံ တစ်ဝန်းတွင် လက်ယာ အစွန်းရောက်များက ရိုးမားလူမျိုး ဆန့်ကျင်ရေး ဆန္ဒပြ

ချက်နိုင်ငံ တစ်ဝန်းတွင် လက်ယာ အစွန်းရောက်များက ရိုးမားလူမျိုး ဆန့်ကျင်ရေး ဆန္ဒပြ

Written By Unknown on Monday, August 26, 2013 | 7:22 PM

ပရတ်၊ သြဂုတ်၂၄

ချက်နိုင်ငံ တစ်ဝန်းရှိ မြို့များ ရွာများတွင် လက်ယာ အစွန်းရောက် ရာပေါင်းများစွာတို့သည် ရိုးမားလူမျိုး ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်နေကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။

အချို့သော ဒေသများတွင် ဆန္ဒပြသမားများက ရဲတပ်ဖွဲ့ဝင်များ ကို ကျောက်တုံးများဖြင့် တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယို ဗုံးများ အသုံးပြု ဖြိုခွင်းခဲ့သည်။

စနေနေ့၌ ရိုးမား ဆန့်ကျင်ရေး ဆန္ဒပြပွဲပေါင်း ခုနစ်ခုထိ ဖြစ်ပေါ်ခဲ့ပြီး အတ်ထရာဗာနှင့် ဆက်ကီဘူဒီဂျိုဗစ် ဒေသများတွင် အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း ပရတ်ရေဒီယိုက ကြေညာသည်။

ယင်းမြို့ နှစ်ခုလုံးတွင် လက်ယာ အစွန်းရောက် ဆန္ဒပြသမားများက သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း ချီတက်ခြင်း မရှိဘဲ ရိုးမား လူမျိုးများ အဓိကနေထိုင်ရာ ဒေသများသို့ ချီတက်ရန် ကြိုးပမ်းခဲ့သည်။

အတ်ထရာဗာမြို့တွင် ဆန္ဒပြသူ ၆၀၀ ခန့်က ရဲတပ်ဖွဲ့ဝင်များကို ကျောက်တုံး များဖြင့် ပစ်ပေါက်ခဲ့ပြီး လူပေါင်း ၆၀ ခန့်ကို ရဲတပ်ဖွဲ့ဝင်များက ထိန်းသိမ်း လိုက်သည်။

လူ့အခွင့်အရေး လှုပ်ရှားသူများကလည်း တန်ပြန် ဆန္ဒပြပွဲများကို ပရတ်မြို့တော် အပါအဝင် မြို့ပေါင်းများစွာတွင် တုံ့ပြန် ကျင်းပခဲ့သည်။

ရိုးမားလူမျိုး ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပြုလုပ်ရန် စီစဉ်နေခြင်းကို စိုးရိမ်ကြောင်း Amnesty International အဖွဲ့က ယခုလ အစောပိုင်းက ထုတ်ပြန်လိုက်ပြီး ရိုးမား လူ့အသိုင်းအဝိုင်းကို အကာအကွယ်ပေးရန် ချက် အရာရှိများက တောင်းဆိုထားသည်။

ယင်းလူမျိုးများသည် ချက်လူမှု အသိုင်းအဝိုင်းအတွင်း အဆင်းရဲဆုံး လူမျိုးများ ဖြစ်ပြီး မိမိတို့အပေါ် ခွဲခြား ဆက်ဆံမှုများ ရှိကြောင်း ရိုးမား ခေါင်းဆောင်များက မကြာခဏ ထုတ်ဖော် ညည်းညူလေ့ ရှိသည်။

ထို့အပြင် ချက်နိုင်ငံတွင်း ရိုးမားလူမျိုး ဆန့်ကျင်ရေး စိတ်ဓာတ်များ မြင့်တက် လာကြောင်း ယခုလ အစောပိုင်းက Amnesty International အဖွဲ့က သတိပေးထားသည်။

“ရိုးမား ဆန့်ကျင်ရေး စိတ်ဓာတ်တွေ ပြီးခဲ့တဲ့ နှစ်တွေအတွင်း အမြစ်တွယ် မြင့်တက်လာပါတယ်။ အဲဒီအရေးကို ချက် အာဏာပိုင်တွေ လျစ်လျူရှုလို့ မရပါဘူး” ဟု Amnesty International အဖွဲ့မှ ဂျွန်ဒါဟူဆန် က မှတ်ချက်ပြုသည်။

၂၀၁၀ ပြည့်နှစ်တွင်းကလည်း ဗစ်တော့ဒေသရှိ ရိုးမားမိသားစု နေထိုင်ရာ အိမ်တစ်လုံးကို မီးရှို့ တိုက်ခိုက်ခံခဲ့ရခြင်းကြောင့် ကလေးငယ် တစ်ဦး မီးလောင်ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး လက်ယာ အစွန်းရောက် လေးဦး ကို ထောင်ဒဏ်များ ချမှတ်ခဲ့ရသည်။

ချက်သမ္မတနိုင်ငံတွင်း ရိုးမား လူဦးရေ ၂၅၀,၀၀၀ မှ ၃၀၀,၀၀၀ ခန့်ထိ ရှိမည် ဟု အချို့က ခန့်မှန်းထားသည်။

The Voice Weekly