Home » » အာဆီယံ နိုင်ငံများနှင့် ဗီဇာ ကင်းလွတ်ခွင့် လက်မှတ် ရေးထိုးမည်

အာဆီယံ နိုင်ငံများနှင့် ဗီဇာ ကင်းလွတ်ခွင့် လက်မှတ် ရေးထိုးမည်

Written By Unknown on Tuesday, August 27, 2013 | 11:51 AM

နေပြည်တော်၊ သြဂုတ် ၂၆

အာဆီယံ ဥက္ကဋ္ဌအဖြစ် ၂၀၁၄ ခုနှစ်တွင် တာဝန်ယူ ဆောင်ရွက် ရမည့် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံ အချို့နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ဗီဇာ ကင်းလွတ်ခွင့် လက်မှတ် ရေးထိုး မည် ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်ဦးလွင် က ပြောကြားသည်။

သြဂုတ်လ ၂၆ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး ရေဖြူ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက လာမည့် ဘဏ္ဍာနှစ်များအတွင်း အာဆီယံ နိုင်ငံများ နှင့် ကူးသန်း သွားလာရာတွင် အာဆီယံနိုင်ငံ အချင်းချင်း ဗီဇာ ကင်းလွတ်ခွင့်နှင့် စပ်လျဉ်းသည့် မေးခွန်းကို ၎င်းက ယင်းသို့ ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ် သည်။

မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံ တစ်နိုင်ငံ အနေနှင့် ဒေသတွင်း နိုင်ငံများနှင့် ချစ်ကြည် ရင်းနှီးမှုကို ရည်ရွယ်၍ သံတမန် နိုင်ငံကူး လက်မှတ်နှင့် အထူး နိုင်ငံကူး လက်မှတ်များအတွက် အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက်ကို အာဆီယံနိုင်ငံ အားလုံးနှင့် သဘောတူ ရေးထိုး ပြီးဖြစ်ကြောင်း ဦးတင်ဦးလွင်က ဆိုသည်။

ယခုလောလောဆယ်တွင် မြန်မာ-လာအိုနိုင်ငံ နှစ်နိုင်ငံကြား သာမန် နိုင်ငံကူး လက်မှတ် ပိုင်ဆိုင်သူများ အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့်ကိုသာ လက်မှတ် ရေးထိုးထားနိုင်ပြီး လာမည့် ဘဏ္ဍာရေးနှစ်တွင် အာဆီယံနိုင်ငံ အားလုံးနှင့် ဗီဇာကင်းလွှတ်ခွင့် လက်မှတ် ရေးထိုးသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဗီယက်နမ်နိုင်ငံနှင့် သာမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများအတွက် အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့် သဘောတူညီချက်ကို လက်မှတ် ရေး ထိုးနိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိပြီး လာအိုနိုင်ငံနှင့် သာမန် နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများအတွက် ၁၄ ရက် အပြန်အလှန် ဗီဇာ ကင်းလွတ်ခွင့်ကို ၂၀၀၆ ခုနှစ်တွင် ရေးထိုးခဲ့ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဌာနထံမှ သိရသည်။

The Voice Weekly