Home » » မော်ကျွန်း ကျေးရွာတစ်ခုတွင် ချေးငွေမရ၍ လယ်သမားများ လယ်စိုက်ရန် အခက်ကြုံ

မော်ကျွန်း ကျေးရွာတစ်ခုတွင် ချေးငွေမရ၍ လယ်သမားများ လယ်စိုက်ရန် အခက်ကြုံ

Written By Unknown on Wednesday, August 7, 2013 | 10:34 AM

ယခုနှစ် မိုးရာသီအတွက် စိုက်ပျိုးစရိတ် ချေးငွေမရရှိသောကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်၊ သခွတ်ကုန်းကျေးရွာအုပ်စုရှိ လယ်သမားများ လယ်စိုက်ရန် အခက်အခဲကြုံနေရကြောင်း ယင်းဒေသရှိ လယ်သမားအချို့က သြဂုတ် ၅ ရက်တွင် မဇ္ဈိမကို ပြောသည်။

ချေးငွေမရသဖြင့် လယ်စိုက်ရန် အခက်ကြုံနေသော လယ်သမား ၁၀၀ ကျော်ရှိပြီး မော်လမြိုင်ကျွန်းမြို့နယ်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးဘဏ်မှ နှစ်စဉ် ထုတ်ချေးနေကျဖြစ်သော်လည်း ၎င်းတို့အုပ်စုမှ လယ်သမားငါးဦးခန့်မှာ ချေးငွေ ပြန်မဆပ်သောကြောင့် ယခုနှစ် ချေးငွေထုတ်မပေးခြင်းဖြစ်သည်ဟု သခွတ်ကုန်းကျေးရွာအုပ်စုမှ လယ်သမား ကိုဘိုသိန်းက ပြောသည်။

ချေးငွေမရရှိသည့်ကိစ္စနှင့် ပတ်သက်ပြီး မော်လမြိုင်ကျွန်း မြို့နယ်အုပ်ချုပ်ရေးမှူးမှ ယင်းဘဏ်မန်နေဂျာနှင့် သွားရောက်တွေ့ဆုံရာ လယ်သမားများအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးရန် သွားရောက် ဆွေးနွေးသော်လည်း ပြေလည်မှု မရရှိဟု သိရသည်။ သို့ဖြစ်၍ ချေးငွေရရှိမည်မဟုတ်ဟု မြို့နယ်အုပ်ချုပ် ရေးမှူးက လယ်သမားများကို သြဂုတ် ၃ ရက်က ပြောကြားသည်ဟုလည်း ကိုဘိုသိန်းက ပြောသည်။

၎င်းက “ဘဏ်မန်နေဂျာပေးတဲ့ အကြောင်းပြချက်က ကျွန်တော်တို့အုပ်စုထဲက အချို့က ချေးငွေကို ပြန်မဆပ်တဲ့အတွက် စိုက်ပျိုးရေးချေးငွေကို ချမပေးနိုင်ဘူးတဲ့။ ဒါပေမဲ့ အဲဒီလိုမျိုး ဆုံးဖြတ်လိုက်မယ်ဆိုရင် ချေးငွေပြန်ဆပ်ထားတဲ့ လယ်သမားအများစုအတွက် နစ်နာပါတယ်”ဟု ပြောသည်။

စိုက်ပျိုးစရိတ်ချေးငွေ ပြန်မဆပ်သော လယ်သမားမှာ ငါးဦးခန့်ရှိပြီး ပြန်မဆပ်သည့် ငွေကြေးပမာဏမှာ သိန်းလေးဆယ်ခန့်ရှိသည်။
ချေးငွေမရသောကြောင့် အမှန်တကယ် ချေးငွေလိုအပ်နေသည့် လယ်သမားများမှာ အခက်အခဲများနှင့် ကြုံတွေ့နေရသဖြင့် ချေးငွေပြန်ဆပ်သည့် လယ်သမားများ စုပေါင်း လက်မှတ်ထိုး၍ ဘဏ်မန်နေဂျာထံ တင်ပြမည်ဖြစ်ပြီး စိုက်ပျိုးစရိတ် ချေးငွေရရှိရန် ကြိုးစားသွားမည်ဖြစ်သည်ဟု လယ်သမားများက ဆိုသည်။

ယင်းသို့ တင်ပြရန်အတွက် လက်မှတ်ထိုးထားသော လယ်သမား ၅၀ ကျော်ရှိနေပြီဖြစ်ရာ ကျန်ရှိနေသူများ ထပ်မံ လက်မှတ်ရေးထိုး၍ သြဂုတ်ပထမအတွင်း တင်နိုင်ရန် ကြိုးစားသွားမည်ဟု လယ်သမားများက ပြောကြားခဲ့သည်။

အေးအေးကျော်၊ ယုဝေ
Mizzima - News in Burmese