Home » » ခြေလေးဖက်ပါ ကလေးငယ် ဒုတိယအကြိမ် ထပ်မံခွဲစိတ်

ခြေလေးဖက်ပါ ကလေးငယ် ဒုတိယအကြိမ် ထပ်မံခွဲစိတ်

Written By Unknown on Sunday, August 18, 2013 | 4:33 PM

ရန်ကုန်၊ သြဂုတ် ၁၇

ကျန်းမာရေးသမိုင်းတွင် မှတ်ကျောက်တင်မည့် ခြေထောက်တစ်စုံ အပိုပါရှိသည့် ခြေလေးဖက် ကလေးငယ်ကို ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့တွင် ဒုတိယအကြိမ် ထပ်မံခွဲစိတ်ခဲ့ပြီး အခြေအနေ ကောင်းမွန်ကြောင်း ရန်ကင်း ကလေးဆေးရုံအုပ်ကြီး ဒေါက်တာအောင်မြင့်လွင်က The Voice သို့ ပြောကြားသည်။

“ခြေထောက်ကလေးတွေကို တည့်မတ်ဖို့နဲ့ ပြန်ပြီးစုစည်းဖို့ ကျောက်ပတ် တီးလေးတွေ စည်းတယ်။ အားလုံးအခြေအနေ ကောင်းတယ်” ဟု ၎င်းကထပ်လောင်း ပြောဆိုသည်။

ပထမအဆင့် ခွဲစိတ်မှု တစ်လအကြာတွင် ထိုသို့ ဒုတိယအကြိမ် ခွဲစိတ်ခြင်း ဖြစ်ပြီး ယင်းလသားအရွယ်ကလေး ပကတိ အခြေအနေသို့ ပြန်လည် ကောင်းမွန်သည်အထိ ဧရာဝတီ ဖောင်ဒေးရှင်းက တာဝန်ယူမည် ဖြစ်ကြောင်း အဆိုပါ ကလေးငယ်၏ ကျန်းမာရေးကို စောင့်ရှောက်နေသော ရန်ကင်း ကလေးဆေးရုံထံမှ သိရသည်။

ထိုခြေလေးဖက် မိန်းကလေးငယ်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့နယ်၌ မွေးဖွားခဲ့ကာ ခွဲစိတ်မှု ပြုလုပ်ရန် ရှမ်းပြည်နယ် အစိုးရမှတစ်ဆင့် ရန်ကုန်မြို့ ရန်ကင်း ကလေးဆေးရုံသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီ ဖောင်ဒေးရှင်း တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ ကလေးငယ်၏ ပထမအဆင့် ခွဲစိတ်မှုမှာ ခြောက်နာရီ ကြာမြင့်ခဲ့ပြီး ရန်ကင်း ကလေးဆေးရုံက အထူးကုဆရာဝန်များအပြင် အခြားဆေးရုံများက အရိုးဆရာဝန်များလည်း ပါဝင်ခဲ့ကာ ခွဲစိတ်ကုသမှုနှင့် ကျန်းမာရေး စောင့်ရှောက်မှုများပေးရန် ဆေးအဖွဲ့ကို သီးခြားဖွဲ့စည်းခဲ့သည်။

The Voice Weekly