Home » » ထန်းကုန်း ပဋိပက္ခ ဖမ်းဆီးခံထားရသော အမျိုးသားတစ်ဦး သေဆုံး

ထန်းကုန်း ပဋိပက္ခ ဖမ်းဆီးခံထားရသော အမျိုးသားတစ်ဦး သေဆုံး

Written By Unknown on Friday, August 30, 2013 | 11:59 AM

ရန်ကုန်၊ သြဂုတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ထန်းကုန်းမြို့ ၌ ဖြစ်ပွားခဲ့သော ပဋိပက္ခတွင် အကြမ်းဖက်မှု ဆောင်ရွက်သည်ဟူသော သံသယဖြင့် ဖမ်းဆီးခံရသူ ၁၁ ဦးမှ အသက် ၄၀ နှစ်အရွယ် ဦးဆန်းချိုမှာ ဝမ်းလျှော၍ သြဂုတ်လ ၂၈ ရက်နေ့ ညနေ ၅ နာရီတွင် သေဆုံး သွားကြောင်း ရွှေဘိုခရိုင် ရဲတပ်ဖွဲ့မှူး ရုံးမှ ဒုတိယ ရဲမှူးကြီး အုန်းလှိုင်ထံမှ စုံစမ်း သိရှိရသည်။

သြဂုတ်၂၈ ရက်နေ့ နံနက်တွင် အုတ်ဖို ကျေးရွာသား ဦးဆန်းချိုသည် ကယောင်ချောက်ချား ဖြစ်ကာ လူစုခွဲထားရပြီး ဝမ်းလျှောသဖြင့် အကျဉ်းထောင် ဆေးမှူး ဦးတင်အောင်က ကုသပေးပြီး နံနက် ၉ နာရီ အချိန်ခန့်တွင် ရွှေဘို ဆေးရုံကြီးသို့ ပို့ဆောင် ကုသခဲ့ကြောင်းကို ရဲမှူးကြီးက ဆက်လက် ပြောကြားခဲ့သည်။

ရွှေဘို ဆေးရုံတွင် မိသားစုနှင့်အတူ ဆေးကုသစဉ် ဝမ်းလျှော ရောဂါပိုးကြောင့် ညနေ ၅ နာရီ အချိန်တွင် သွေးပေါင်ကျပြီး ဝမ်းဒလဟော သွားကာ သေဆုံးသွားကြောင်းကို အဆိုပါဆေးရုံ တာဝန်ကျ ဆရာဝန် ဒေါက်တာ သက်သက်စိန်ထံမှ စုံစမ်း သိရှိရသည်။

“ဘာရောဂါပိုးကြောင့်လဲ ဆိုတာ ဓာတ်ခွဲခန်း စစ်နေတယ်။ ပြင်ပဒဏ်ရာ မရှိပါဘူး။ အတွင်းရောဂါ ဖြစ်လို့ ဝမ်းလျှောသွေး အဆိပ်သင့်တဲ့ရောဂါ GE WithSepticaemia နဲ့ သေဆုံးရတာ ဖြစ်တယ်” ဟု ဆေးစာ မှတ်တမ်းကို ကိုးကား၍ ၎င်းက ဆိုသည်။

သေဆုံးသူနှင့် အခြား ဖမ်းဆီးထားသူများသည် ရွှေဘို အကျဉ်းထောင်သို့ သြဂုတ်လ ၂၇ ရက်နေ့ ည ၇ နာရီခန့်တွင် ရောက်ရှိသည်ဟု ယူဆရပြီး ယင်းနေ့ည ၁၂ နာရီ ဝန်းကျင်တွင် စစ်ဆေး မေးမြန်းစဉ် ဦးဆန်းချိုမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေသဖြင့် ထောင် ဆရာဝန်က အားဆေးရည် ချိတ်ပေးပြီး၊ သြဂုတ်လ ၂၈ ရက်နေ့ နံနက် ၉ နာရီခန့် တွင် ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ညနေ ၆ နာရီတွင် သေဆုံးခဲ့သည်ဟု ကြားသိ ရကြောင်း ကန့်ဘလူမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါက်တာ လှိုင်မြင့်ဟန်က ပြောကြားသည်။

“သူတို့ရွာက သံဃာတော်တွေ ရွှေဘိုကို သွားမေးတော့ ဖမ်းထားတဲ့သူတွေ က ရွှေဘိုမှာ မရှိပါဘူးတဲ့။ အခု အလောင်းကို ရွှေဘိုကို လာယူဖို့ မှာတယ်လို့ ကြားတယ်” ဟု ထန်းကုန်းမြို့ခံ တစ်ဦးက ဆိုသည်။

ဖမ်းဆီးခံထားသူ ဦးဆန်းချို သေဆုံးမှု နှင့် ပတ်သက်ပြီး ကျွန်းလှ၊ ကန့်ဘလူ၊ ခင်ဦး၊ ရေးဦး မြို့နယ် များ၏ အမှတ် (၂) မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်က ကျန်ရှိသည့် ဖမ်းဆီးခံ ၁၀ ဦးကို သွားရောက် တွေ့ဆုံခဲ့သော်လည်း တွေ့ဆုံခွင့် မရခဲ့ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်က ပြောကြားသည်။

“ကျွန်တော်လည်း ဆရာဝန် တစ်ယောက်ပါပဲ။ ဝမ်းလျှောတဲ့သူ ကို အောက်ဆီဂျင် ပေးစရာ မလိုဘူး။ ဆေးရုံ ပို့စဉ်မှာ သတိလွတ်နေတယ် လို့ ပြောတယ်။ ဝမ်းလျှောရုံလောက်နဲ့ သတိလွတ်စရာ မရှိပါဘူး၊ ကျန်တဲ့ ၁၀ ဦးရဲ့ ကျန်းမာရေးကို သိဖို့ တွေ့ချင်ပါတယ်လို့ ထောင်ပိုင်ကို ပြောတယ်၊ တစ်နာရီခွဲ လောက် စောင့်ခဲ့ပေမယ့် တွေ့ခွင့် မရခဲ့ဘူး” ဟု ကျွန်းလှ၊ ကန့်ဘလူ၊ ခင်ဦး၊ ရေဦးမြို့နယ်များမှ အမှတ် ၂ မဲဆန္ဒနယ်မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်က ပြောကြားသည်။

သေဆုံးသူ အမျိုးသားသည် အုတ်ဖိုကျေးရွာတွင် နေထိုင်သူ ဦးဆန်းချို ဆိုသူ ဖြစ်ပြီး အဖမ်းမခံရစဉ်က ကျန်းမာစွာ လယ်ထွန်နိုင်သည်ကို စုံစမ်း သိရှိရကြောင်း၊ ဆေးကုသချိန် ခြောက်နာရီခန့် ရပြီး သာမန် ဝမ်းလျှောရောဂါကို မကုနိုင်ခြင်းက ပြည်သူများနှင့် အကျဉ်းသားများအတွက် လုံခြုံမှု မရှိစေကြောင်း ၎င်းက ဆိုသည်။

အဆိုပါ ဖမ်းဆီးခံရသူ သေဆုံးမှုတွင် မှန်သည်၊ မှားသည် မဆိုနိုင်သော် လည်း ပွင့်လင်းမြင်သာခြင်း မရှိသည့် အတွက် ရိုးသားမှု မရှိကြောင်း၊ ယင်းကိစ္စအတွက် ထပ်မံ သွားရောက် စုံစမ်းဦးမည် ဖြစ်ပြီး လွှတ်တော်တွင် လည်း ဆွေးနွေးနိုင်ရန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဒေါက်တာ မြင့်နိုင် က ပြောကြားသည်။

ချိုသဲကြည်

The Voice Weekly