ဆောက်လုပ်ရေးကန်ထရိုက်တာများက ရန်ကုန်မြို့တွင်းပိုင်း၌ တစ်နှစ်ထက်တစ်နှစ် လူနေတိုက်ခန်းများ ရောင်းချနိုင်ရေးတစ်ခုတည်းကိုသာ အဓိကဦးစားပေး တည်ဆောက်လုပ်မှုများကြောင့် မြို့တော်၏ တန်ဖိုးမြင့်မြေကွက်အများစု ဆုံးရှုံးခဲ့ရပြီဖြစ်ကြောင်း မြို့ပြစီမံကိန်းမှ ကျွမ်းကျင်ပညာရှင်များက ထောက်ပြပြောဆိုလိုက်သည်။
ယင်းကဲ့သို့ မြေနေရာရှားပါးလာမှုများနှင့် အလျင်စလို တည်ဆောက်မှုများက ရန်ကုန်တွင် အထပ်မြင့်အဆောက်အအုံအများစုမှာ မြေနေရာခပ်ကျဉ်းကျဉ်း၌ လူသားမဆန်သည့် အခန်းငယ်များအဖြစ် ထွက်ပေါ်လာခဲ့ရသည်ဟု မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က ယခင်အစိုးရ၏ စီမံခန့်ခွဲမှုအလွဲများအပေါ် ဝေဖန်ပြောဆိုသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်းမှစတင်၍ မြို့တွင်းပိုင်း မြို့နယ်များရှိ မြေကွက်နှင့် အိမ်ရာဟောင်းများတွင် အထပ်မြင့်လူနေတိုက်တာများ တည်ဆောက်မှုနှုန်း မြင့်မားလာခဲ့သည်။ ယင်းအကျိုးဆက်က ရန်ကုန်မြို့တွင် မြေနေရာရှားပါးမှုပြဿနာနှင့် အကြီးအကျယ်ကြုံတွေ့နေရပြီဖြစ်သည်ဟု မြို့ပြကျွမ်းကျင်ပညာရှင်များက ဆိုသည်။
ဆောက်လုပ်ရေးကန်ထရိုက်တာများက ရန်ကုန်မြို့တွင်းပိုင်း၌ တစ်နှစ်ထက်တစ်နှစ် လူနေတိုက်ခန်းများ ရောင်းချနိုင်ရေးတစ်ခုတည်းကိုသာ အဓိကဦးစားပေး တည်ဆောက်နေမှုများကြောင့် မြို့တော်၏ တန်ဖိုးမြင့်မြေကွက်အများစု ဆုံးရှုံးခဲ့ရပြီဖြစ်ကြောင်း မြို့ပြစီမံကိန်းမှ ကျွမ်းကျင်ပညာရှင်များက ထောက်ပြပြောဆိုလိုက်သည်။
ယင်းကဲ့သို့ မြေနေရာရှားပါးလာမှုများနှင့် အလျင်စလိုတည်ဆောက်မှုများက ရန်ကုန်တွင် အထပ်မြင့်အဆောက်အအုံအများစုမှာ မြေနေရာခပ်ကျဉ်းကျဉ်းတွင် လူသားမဆန်သည့် အခန်းငယ်များအဖြစ် ထွက်ပေါ်လာခဲ့ရသည်ဟု မြို့ပြစီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က ယခင်အစိုးရ၏ စီမံခန့်ခွဲမှုအလွဲများအပေါ် ဝေဖန်ပြောဆိုသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်းမှစတင်ပြီး မြို့တွင်းပိုင်း မြို့နယ်များရှိ မြေကွက်နှင့် အိမ်ရာဟောင်းများတွင် အထပ်မြင့်လူနေတိုက်တာများ တည်ဆောက်မှုနှုန်း မြင့်မားလာခဲ့ရသည်။ ယင်းအကျိုးဆက်က ရန်ကုန်မြို့တွင် မြေနေရာရှားပါးမှုပြဿနာနှင့် အကြီးအကျယ် ကြုံတွေ့နေရပြီဟု မြို့ပြကျွမ်းကျင်ပညာရှင်များကဆိုသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ ထုတ်ပြန်သော စာရင်းဇယားများအရ အထပ်မြင့်အဆောက်အအုံတည်ဆောက်မှုမှာ ၂၀၁၅-၂၀၁၆ ခုနှစ်တွင် ၃၅ ရာခိုင်နှုန်းကျော်အထိ အမြင့်မားဆုံးစံချိန်တင်ခဲ့သည်။ ထို့ကြောင့် ဆောက်လုပ်မှုအများစုမှာ မြေနေရာတော်တော်များများ ကုန်သလောက်နီးပါးပင်ဖြစ်နေပြီဟု ဆိုသည်။
“အခုချိန်မှ အချက်အချာကျတဲ့ မြို့နယ်တွေရဲ့ အိမ်အိုအိမ်ဟောင်းမြေကွက်တွေက ရွှေတွင်းကို နေ့တိုင်းခေါင်းအုံးအိပ်နေရတဲ့အတိုင်းပဲ”ဟု မြင့်မိုရ်ဆောက်လုပ်ရေးကုမ္ပဏီမှ အရောင်းမန်နေဂျာတစ်ဦးက ရန်ကုန်မြို့တွင်းပိုင်း၌ မြေရှားပါးလာမှုအခြေအနေကို ပြောပြသည်။
မြို့တွင်းပိုင်း၌ လူအများစုစိတ်ဝင်စားပြီး ဈေးအမြင့်ဆုံးဖြစ်နေသည့် ကြည့်မြင်တိုင်၊ အလုံ၊ စမ်းချောင်း၊ ကျောက်မြောင်း၊ လှိုင် အစရှိသော မြို့နယ်များ၏ မြေဈေးနှုန်းမှာ ရန်ကုန်မြို့၌ အကောင်းဆုံးအနေအထားတွင် ရောက်ရှိနေပြီး အထပ်မြင့် ကန်ထရိုက်လူနေတိုက်ခန်းများ ထပ်မံဆောက်လုပ်ရန် မြေပိုမြေလျှံမရှိသလောက် နည်းပါးနေပြီလည်း ဖြစ်သည်။
ယင်းမြို့နယ်များတွင် ၂၅ ပေx ပေ ၅၀ မြေကွက်များတွင် ပေါက်ဈေး ကျပ်သိန်း ၃၀၀၀ မှ ကျပ်သိန်း ၅၀၀၀ အထိ မြို့နယ်အပေါ်မူတည်ပြီး ကန်ထရိုက်တိုက်များ ဆောက်လုပ်ရန် ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ၀ယ်ယူနေကြသည်ဟု သီရိစံအိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင် ဦးလှစောကပြောသည်။
မြို့တွင်းပိုင်း မြေယာရှားပါးမှုပြဿနာ ကြီးမြင့်လာခြင်းက စီးပွားရေးမြို့တော်ရန်ကုန်၏ မြေဈေးထိုးတက်ရန် အခြေအနေကောင်းတစ်ခုကို ထပ်မံဖန်တီးနေခြင်းလည်းဖြစ်သည်။ ယခင်က မြို့တွင်းပိုင်းရပ်ကွက်များတွင် ဆောက်လုပ်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်ငယ်လေးများအနေဖြင့်မူ တန်ဖိုးကြီးမြေကွက်များကို ဈေးကောင်းပေးမ၀ယ်ယူနိုင်သဖြင့် မြေရှင်နှင့်ညှိနှိုင်းကာ အခန်းပေးအခန်းယူစနစ်ဖြင့် တည်ဆောက်နေခဲ့သည်မှာ ဆယ်စုနှစ်နီးပါးကြာမြင့်နေပြီဖြစ်သည်။
သို့သော် မြို့တွင်းပိုင်း မြို့နယ်များတွင် မြေရှားပါးလာမှုများက လုပ်ငန်းရှင်များအပေါ် သိသိသာသာ သက်ရောက်လာပြီလည်းဖြစ်သည်။ “မြို့နယ်ကောင်းတယ်ဆိုရင် ခုအချိန်မှာ လမ်းမကြီးဖြစ်ဖြစ်၊ လမ်းသွယ်ထဲပဲဖြစ်ဖြစ် ဦးရာလူစနစ်နဲ့ အပြိုင်လုဆောက်နေရတယ်။ မြေက အရင်ကထက်စာရင် အရမ်းရှားလာပြီ”ဟု စမ်းချောင်းမြို့နယ်မှ လိုင်စင်ရကန်ထရိုက်တာတစ်ဦးကပြောသည်။
ယင်းကဲ့သို့ မြန်ဆန်လာရခြင်း၏ အဓိကအကြောင်းအရင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းသို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များသာမက အခြားသောစီးပွားရေးလုပ်ငန်းရှင်များ ၀င်ရောက်ရင်းနှီးမြှုပ်နှံလာခြင်းကလည်း မြို့ပြ၏မြေယာရှားပါးမှုကို များစွာသက်ရောက်ခဲ့ရသည်ဟု ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌကပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ သတ်မှတ်ချက်တွင် မြေနေရာခွဲခြမ်းစိတ်ဖြာခြင်းအပေါ် သတ်မှတ်ထားသည့်ပုံစံမှာ မှားယွင်းနေသောကြောင့် ယခင်ကဆောက်လုပ်ခဲ့သည့် ကန်ထရိုက်တိုက်များ၌ အခန်းကျဉ်းကျဉ်းများ ပေါ်ထွက်ခဲ့ရသည်။ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအနေဖြင့် မြေနေရာကိုမကြည့်ဘဲ အခန်းအရေအတွက် များများထွက်ရေးကိုသာ ဦးစားပေးဆောက်လုပ်ခဲ့မှုများကြောင့် အရည်အသွေးနိမ့် တိုက်ခန်းကျဉ်းများသာ ထွက်ပေါ်လာခဲ့ရသည်ဟု အထပ်မြင့်စီမံကိန်းများ အရည်အသွေးကြီးကြပ်မှုပညာရှင်အဖွဲ့ ဦးသန်းမြင့်ကပြောသည်။
“အဓိကလမ်းမကြီးတွေမှာ ရှေ့ကို ၁၀ ပေကနေ ပေ ၂၀ ချန်ရပေမယ့် ရပ်ကွက်ထဲက လမ်းသွယ်လေးတွေမှာက တိတိကျကျ သတ်မှတ်ထားတဲ့စနစ်မရှိဘူး”ဟု ၎င်းကပြောသည်။
အစိုးရက ၁၉၉၅ ခုနှစ် နောက်ပိုင်းမှစတင်ပြီး မြို့တွင်းပိုင်း၌ ကွန်ဒိုအိမ်ရာစီမံကိန်းများ၊ အဆင့်မြင့်အိမ်ရာစီမံကိန်းများကို စတင်ခွင့်ပြုပေးခဲ့သည်။ ထို့ကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများ၏ အကောင်းဆုံးခေတ်အချိန်တွင် ပြည်ပတွင် သွားရောက်လုပ်ကိုင်သူအချို့က ပါလာသည့် ငွေကြေးအရင်းအနှီးများ မြှုပ်နှံလာခြင်းတို့ကြောင့် တည်ဆောက်မှုအရှိန်မြင့်တက်လာခဲ့ရကြောင်း International Business Time သတင်းစာက ရေးသားထားသည်။
ပြင်ပမှလုပ်ငန်းရှင်များ ဆောက်လုပ်ရေးလုပ်ငန်းအပေါ် ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးပွားလာခြင်းကြောင့် နေ့ချင်းညချင်း ရန်ကုန်မြို့တွင်းပိုင်း၏ မြို့နယ်အချို့ရှိ အိမ်ကြီးအိမ်ကောင်း မြေနေရာကောင်းတို့တွင် ကန်ထရိုက်တိုက်အသစ်များ တစ်လုံးပြီးတစ်လုံး အစီအရီပေါ်ပေါက်လာခဲ့သည်။
ယခင်အစိုးရလက်ထက်က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အထပ်မြင့်အဆောက်အအုံများ တည်ဆောက်ခြင်းကို ပြီးစလွယ်ခွင့်ပြုပေးခဲ့ပြီး အစိုးရဌာနတွင်းရှိ ၀န်ထမ်းနှင့် ကန်ထရိုက်တို့မှ မသမာမှုများပြုလုပ်ကာ ဆောက်လုပ်ခွင့်အမြန်ဆုံးကျစေရန် ဆောင်ရွက်မှုများလည်းရှိခဲ့သည်ဟု ဆောက်လုပ်ရေးကုမ္ပဏီများတွင် လုပ်သက်ရင့်လုပ်ကိုင်ဖူးသူ မန်နေဂျာတစ်ဦးကဆိုသည်။
၂၅ ပေ x ပေ ၅၀ အခန်းအများစုမှာ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် တာမွေ၊ ပုဇွန်တောင်မြို့နယ်တို့၏ ရပ်ကွက်အတွင်းပိုင်း၌ တည်ဆောက်မှုများရှိနေပြီး ၁၅ ပေ x ၃၅ ပေ အခန်းများမှာ မြေကွက်တစ်ကွက်တည်းတွင် ကန်ထရိုက်တိုက်နှစ်လုံးခွဲဆောက်သည့် ဖြစ်စဉ်မျိုးလည်းရှိကြောင်း ယင်းမြို့နယ်မှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးကပြောပြသည်။
လမ်းမကြီးတန်းများ၌ နောက်ပိုင်းဆောက်လုပ်မှုများတွင်မူ ပေ ၄၀ x ပေ ၆၀ ကို အများဆုံးတည်ဆောက်ကြပြီး ယခင်အိမ်ရာအဟောင်းအချို့တွင်သာ ၂၅ ပေ x ပေ ၅၀ အခန်းငယ်အချို့ ကျန်ရှိနေသေးကြောင်း သိရသည်။
ယခုနောက်ပိုင်း ခွင့်ပြုချက်မရှိဘဲ ပေခပ်ကျဉ်းကျဉ်းလေးများဖြင့် ပြီးစလွယ်တည်ဆောက်ထားသည့် တိုက်ခန်းအများစုမှာ သင်္ဃန်းကျွန်းမြို့နယ်များတွင် တည်ဆောက်မှု လွန်စွာများပြားနေပြီဖြစ်ကြောင်း အထက်ပါအကျိုးဆောင်ကပြောသည်။
ထို့အပြင် ကန်ထရိုက်တိုက်များအား ကြိုပွိုင့်ဝယ်ယူသည့်စနစ်ကလည်း စီးပွားရေးမြို့တော်၏ မြေယာရှားပါးလာမှုကို အဓိကတွန်းအားတစ်ခုလည်းဖြစ်သည်။
“ကန်ထရိုက်တွေကလည်း မြေမှာဖောင်ဒေးရှင်းပြလိုက်တာနဲ့ ဈေးကထပ်တင်ကြတယ်။ အဲဒီမှာ ကြိုပွိုင့်ကစားသူတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းကုန်တယ်။ အဲဒီတော့ ကန်ထရိုက်တွေက မြေလွတ်မှန်သမျှကို ရအောင်လိုက်စုကြတယ်။ အမြန်ဆောက်ဖို့ အရင်းအနှီးက ငွေမလည်သေးတော့ ဖောင်ဒေးရှင်းပဲ ပြထားတယ်။ အဲဒီမှာ မြေတွေက အချိန်တိုတိုနဲ့ကုန်သွားတာပဲ”ဟု အိမ်ခြံမြေအကျိုးဆောင် ဦးမင်းမင်းမြတ်ကသုံးသပ်သည်။
ထို့ကြောင့် မြို့တော်ရန်ကုန်၏ မြေနေရာဈေးနှုန်းကြီးမြင့်လာမှုနှင့် မြေရှားပါးလာမှုတို့ကို ဖြေရှင်းနိုင်ရေးအတွက် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံလိုသူ လုပ်ငန်းရှင်များက မူလမြေပိုင်ရှင်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရန်ကုန်မြို့၏ မြေယာရှားပါးလာမှုကို ဖြေရှင်းနေကြပြီဖြစ်သည်။
အချက်အချာကျသည့် မြေနေရာအကျယ်ကြီးများတွင် ပြည်ပလုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံလိုသောကြောင့် မြေရှင်နှင့် တိုက်ရိုက်ချိတ်ဆက်ပြီး အကျိုးတူပူးပေါင်းလုပ်ဆောင်ရန် စီစဉ်နေပြီဖြစ်ကြောင်း နိုင်ငံခြားကုမ္ပဏီများအတွက် အကျိုးဆောင်လုပ်ကိုင်ပေးနေသူများက ပြောသည်။
အစိုးရဘက်ကလည်း မြို့တွင်းပိုင်း၌ မြေနေရာရှားပါးလာမှုတို့ကြောင့် ဖြေလျှော့သည့်အနေဖြင့် မြေနေရာကျယ်များရှိသေးသည့် ယခင်အထပ်မြင့်အဆောက်အအုံများ ဆောက်လုပ်ရန် ခွင့်ပြုမှုနည်းပါးခဲ့သော မရမ်းကုန်းမြို့နယ်၊ သင်္ဃန်းကျွန်း၊ လှိုင်၊ မြောက်ဥက္ကလာပနှင့် အင်းစိန်မြို့နယ်တို့တွင် အထပ်မြင့်အဆောက်အအုံ ဆောက်လုပ်မှုနှုန်းကို ပိုမိုတိုးမြှင့်ခွင့်ပြုခဲ့ကြောင်း မြို့တော်စည်ပင်၏ တရားဝင်စာရင်းများအရ သိရသည်။
ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းအရ အထပ်မြင့်အဆောက်အအုံများ တည်ဆောက်ခြင်းကို မြို့နယ်အလိုက် ဇုန်များသတ်မှတ်ပြီး ခွဲခြားတည်ဆောက်ရတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် အစိုးရ၏ မြို့တွင်းပိုင်းဆောက်လုပ်ရေးလုပ်ငန်းများအပေါ် ပြန်လည်စိစစ်ကြပ်မတ်နေခြင်းက အချိန်မမီနိုင်တော့ဘဲ အစိုးရ၏စီမံခန့်ခွဲမှုအလွဲများက မြို့တွင်း၌ စီးပွားရေးလုပ်ငန်းရှင်များ၏ အမြတ်ထုတ်မှုများအကြား မြို့ပြ၏နေရာများ ဆုံးရှုံးနစ်နာခဲ့ရပြီးဖြစ်သည်။
ရေးသားသူ- မိုးညို
7Day News Journal