Home » » ဆင်းရဲမွဲတေမှု ပပျောက်ရေး ထောက်ပံ့ငွေနဲ့ ကျွန်းသစ်လဲလှယ်

ဆင်းရဲမွဲတေမှု ပပျောက်ရေး ထောက်ပံ့ငွေနဲ့ ကျွန်းသစ်လဲလှယ်

Written By Unknown on Sunday, August 4, 2013 | 6:56 AM

၇၄ ရာခိုင်နှုန်းအောက်ကျဆင်းနေသည့် ချင်းပြည်နယ်ဆင်းရဲမွဲတေမှုလျှော့ချရေးထောက်ပံ့ငွေကို အကြောင်းပြပြီး သက် ဆိုင်ရာ အာဏာပိုင်တွေက ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အတွင်း  ကုပ္မဏီ တခုအား ကျွန်းသစ်ခုတ်လုပ်ခွင့်ပြု လိုက် သည်ဟု သိရသည်။

ကန်ပက်လက်မြို့နယ် လဲပုံအုပ်စု ရဲချောင်းကျေးရွာ ပတ်ဝန်းကျင် ရှိ ကျွန်းသစ်တွေကို မနောဖြူရှင်အေကေ ကုပ္မဏီက ယခုနှစ်ဦးပိုင်းမှစပြီး အာဏာပိုင်တွေ ခွင့်ပြုချက်ဖြင့် ခုတ်လှဲထုတ်ယူနေရသည့် အပေါ် ဒေသခံတွေက အကျိုးအ မြတ်ခံ စားရန် တင်ပြခဲ့ ကြသော်လည်း နိုင်ငံတော် အစိုးရက ဒေသခံတွေ ဆင်းရဲမွဲတေမှုအတွက် ကျပ်ငွေသိန်းပေါင်းတစ်ထောင် ပေးထားပြီးဖြစ်သဖြင့် ခံစားခွင့်မရှိကြောင်း ကုပ္မဏီက တုံ့ပြန်ပြောဆိုသည်ဟု အမည်မဖော်လိုသူ ဒေသခံတဦးက ပြော သည်။


” ကျွန်းသစ်တွေကို  ဒေသခံပြည်သူတွေ ခံစားခွင့်မရှိဘဲ ခုတ်ယူနေကို မလိုလားကြောင်းနဲ့ ဒီကျွန်းသစ်တွေကို ကန်ပက် လက်မြို့နယ်အတွက်သာ အသုံးပြုသင့်ကြောင်း တင်ပြတာကို  တာဝန်ရှိတွေက ဆင်းရဲမွဲတေမှုအတွက် ခင်ဗျားတို့ကို အစိုးရက ငွေကျပ် သိန်း တစ်ထောင် ပေးထားပြီးပြီ ဆိုပြီး ကျွန်းသစ်တွေ ကို ယာခုတ်သလို ခုတ်လှဲနေတာပါ ” ဟု ပြော သည်။

ချင်းပြည်နယ်မှ အမည်မဖော်လိုသူ လွှတ်တော်ကိုယ်စားလှယ် တဦးကမူ ” ဒါ လုံးဝကို မဖြစ်သင့်တဲ့ ကိစ္စနော်၊ တဖက် လှည့်နဲ့ ဂုတ်သွေးစုပ်တာပဲ၊ ဒီလုပ်နည်း လုပ်ဟန်က ဆင်းရဲမွဲတေမှုကို လျှော့ချနေတာမဟုတ်သလို တကယ့်ကို ညစ် ပတ်တဲ့ လုပ်ရပ်ပဲ” ဟု ပြောသည်။

ကျွန်းသစ်ခုတ်လှဲနေမှုနဲ့ ပါတ်သက်ပြီး ဒေသခံတွေက ပြည်နယ်အစိုးရအထိ တက်ရောက် တင်ပြကြသော်လည်း တစုံတ ရာ အရေးယူဆောင်ရွက်ခြင်းမရှိကြောင်း၊ အဆိုပါ မနောဖြူစင်အေကေ ကုပ္မဏီ တာဝန်ရှိများသည် ကန်ပက်လက်မြို့နယ် မဲဆန္ဒနယ် မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရအောင်ကို နှင့် နီးစပ်သူများဖြစ်ကြောင်း သိရသည်။

” ဒီ ကုပ္မဏီက ကန်ပက်လက်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သူရအောင်ကို နဲ့ နီးစပ်သူတွေဖြစ်တဲ့အတွက် ပြည်နယ်အစိုးရက အရေးယူမှုမပြုလုပ်ရဲတာနေမှာပါ” ဟု ဆက်ပြောသည်။

အဆိုပါဒေသရှိ ကျွန်းသစ်များသည် ခန့်မှန်းချေ အနည်းဆုံး တန်ချိန် လေးထောင်မှတစ်သောင်းကျော်လောက်ရှိမည် ဖြစ်ပြီး နောက်နှစ်များတွင်လည်း  ဆက်လက်ထုတ်ယူသွားမှာဖြစ်ကြောင်း သတင်းပေးပို့သည်။

khonumthung - Chin News Group