Home » » ဒေါ်လာဈေး ကျသော်လည်း ပြည်တွင်းရွှေဈေးအေး

ဒေါ်လာဈေး ကျသော်လည်း ပြည်တွင်းရွှေဈေးအေး

Written By Unknown on Monday, August 5, 2013 | 4:18 PM

အမေရိကန်ဒေါ်လာဈေး ဆက်တိုက် ကျဆင်းနေပြီး ပြည်တွင်း၌ ဈေးတက် ရမည့် ရာသီဖြစ်သော်လည်း ရွှေဈေး မြင့်တက်ခြင်းမရှိဘဲ အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ခြောက်သိန်း ကိုးသောင်း၊ ခုနစ်သိန်း ဝန်းကျင်အထိသာ အမြင့်ဆုံး ရောက်ရှိကြောင်း ရွှေဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

“ဒီလတွေက အကျရာသီ ကုန်သွားတဲ့လဖြစ်လို့ ဈေးနှုန်းကတော့ ခြောက်သိန်း ကိုးသောင်းအောက်တော့ ဆက်မကျနိုင်လောက်တော့ဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင် ဦးအေးချိုက ပြောဆိုသည်။

ရွှေဈေးမှာ ခန့်မှန်းရန်ခက်ခဲပြီး ဈေးအမြင့်ဆုံးဖြစ်ရန် မဖြစ်နိုင်သေးကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။

လတ်တလောတွင် နယ်စပ်ဈေးနှင့် နှိုင်းယှဉ်ပါက ပြည်တွင်းရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်ရှစ်ထောင်နီးပါး ကွာဟနေသော်လည်း ရန်ကုန်သို့ နယ်စပ် ရွှေစီးဆင်းမှု မရှိဘဲ ဈေးကွက်အတွင်း ဝယ်ရောင်းမျှလျက် ရှိကြောင်း ရွှေဈေးကွက် အတွင်းမှ သိရသည်။

သြဂုတ်လ ၃ ရက်နေ့က ရွှေဈေးကွက် အပိတ်ဈေးမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၆၉၁,၀၀၀ ကျပ်နှင့် ကမ္ဘာ့ရွှေ တစ်အောင်စလျှင် ၁၃၁၁ ဒေါ်လာဖြစ်ပြီး တနင်္လာနေ့ ဈေးကွက်အဖွင့်တွင် ဈေးနှုန်း အပြောင်းအလဲ မဖြစ်နိုင်ကြောင်း ရွှေလုပ်ငန်းရှင်များက ပြောဆိုသည်။

The Voice Weekly