Home » » ယာဉ်တိုက်၍ ဆိုင်ကယ် မောင်းလာသည့် တပ်မတော်သား ပွဲချင်းပြီး သေဆုံး

ယာဉ်တိုက်၍ ဆိုင်ကယ် မောင်းလာသည့် တပ်မတော်သား ပွဲချင်းပြီး သေဆုံး

Written By Unknown on Wednesday, August 21, 2013 | 5:13 PM

တောင်ငူ ၊ သြဂုတ် ၂၀

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ် ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင် အမှတ် ၁၈၇/၀နှင့် ၁၈၇/၁ ကြား တောင်နန်ချွန် ကျေးရွာ ဆည်မြောင်းရုံး ရှေ့တွင် သြဂုတ်လ ၁၈ ရက် ည ၇ နာရီခန့်က တပ်မတော်သား တစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်ကို ယာဉ်တစ်စီး အနောက်မှ ဝင်တိုက်သဖြင့် ဆိုင်ကယ် မောင်းနှင်လာသူ တပ်မတော်သား သေဆုံးခဲ့ကြောင်း ရေတာရှည်မြို့နယ် မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက The Voice သို့ ပြောကြားသည်။

သေဆုံးသူသည် တောင်ငူမြို့နယ် ကေတုမတီမြို့သစ် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် စခန်းမှူးရုံးမှ မှန်စီကျေးရွာ တပ်ပိုင် လယ်တွင် တာဝန်ကျနေသူ အသက် ၄၇ နှစ်အရွယ် တပ်သား ဝင်းကို ဖြစ်ပြီး ၎င်းကို ဝင်ရောက် တိုက်မိသော မော်တော်ယာဉ်မောင်းသည် ထွက်ပြေး တိမ်းရှောင်နေသဖြင့် ထပ်မံ စုံစမ်း စစ်ဆေးလျက် ရှိပြီး မော်တော်ယာဉ် မောင်းနှင် ထွက်ပြေးနိုင် သည့် လမ်းကြောင်းများနှင့် လမ်း အသုံးပြုခ ကောက်ခံသည့် CCTV များမှ တစ်ဆင့် လိုက်လံ စစ်ဆေးနေကြောင်း ၎င်းက ပြောသည်။

သေဆုံးသူသည် ၎င်းစီးလာသည့် Kenbo 110.CC အစိမ်းရောင် မော်တော် ဆိုင်ကယ်ဘေးတွင် ဦးခေါင်း၊ အောက်ပိုင်း၊ ဗိုက်ပွင့်ကာ သေဆုံးခဲ့ကြောင်း အဆိုပါ ရဲစခန်း၏ စစ်ဆေးချက်များအရ သိရှိရသည်။

ဦးခေါင်းနှင့် ဝမ်းဗိုက်တွင် ဒဏ်ရာ ပြင်းထန်စွာ ရရှိကာ ပွဲချင်းပြီး သေ ဆုံးခြင်းဖြစ်ကြောင်းနှင့် ညအချိန် ဖြစ်၍ မျက်မြင်သက်သေလည်း မရှိဘဲ အမှု အမြန် ပေါ်ပေါက်ပါစေဟု အခင်းဖြစ်ပွားရာ နေရာသို့ ရောက်ရှိ ခဲ့သူ ရေတာရှည်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား သည်။

ယင်း ယာဉ်တိုက်ခံရ၍ သေဆုံးမှုကို ယာဉ် (ပ) ၁၉/၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၄ (က) အရ အမှုဖွင့် အရေးယူထားကြောင်း ရေတာရှည် မြို့နယ် မြို့မ ရဲစခန်းမှ စုံစမ်း သိရှိရသည်။

The Voice Weekly